အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

November 29, 2007

ထိုင်းနိုင်ငံမှာ ၂၀၀၇ ခုနှစ် သင်္ကြန်တုန်းက ဓါတ်ပုံများ

ဒီဓါတ်ပုံတွေကို ကျနော်သူငယ်ချင်းတစ်ယောက်က ပို့လိုက်တာပါ။ အဲဒါကြောင့် ကျနော်တင်ထားပေးတာပါ။ သူငယ်ချင်းရေ ဓါတ်ပုံပို့တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။










November 19, 2007

နှလုံးသား ဒဏ်ရာ

မောင်မြင့်အောင်

လူတွေ အလုပ်လုပ်ကြသည်။ တချို့က စားဝတ်နေရေး အတွက်၊ တချို့က မော်တော်ကား မော်ဒယ်အနိမ့်က အမြင့်စီးဖို့ အတွက်၊ တချို့က ဂုဏ်သိက္ခာ အတွက်၊ တချို့က ဖွက်ထားတဲ့ မိန်းမအတွက်၊ တချို့က ကြွေးဟောင်း ဆပ်ဖို့အတွက်။ သို့သော် အများစုကတော့ အစာအိမ်ခွဲတမ်းအတွက် သာဖြစ်သည်။

ထိုအခါ အလုပ်သို့ သွားရန် သယ်ယူပို့ဆောင်ရေးယာဉ်ကို အသုံးပြုရသည်။ တချို့က ကိုယ်ပိုင်ကားကို သုံးသလို တချို့က “က-က” ကို ငှားစီးသည်။ တချို့က မြန်မာ့ မီးရထားကို မိတ်ဆွေဖွဲ့သည်။ သို့သော် အများစုကတော့ “ချောင်သည်” ဆိုတာကို အိပ်မက်ထဲမှာပင် မတွေ့နိုင်သော လိုင်းကားများကို အားကိုးကြသည်။ ကျွန်တော်လည်း “လိုင်းကားချစ်သူ” တစ်ယောက်ဖြစ်သည်။

စာမျက်နှာပေါ်ကို ဘ၀တွေရောက်လာဖို့အတွက် နေရာဒေသအသီးသီးမှ ကူးခတ်လာခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဘ၀တွေရှိသည်။ လမ်းပေါ်မှာဘ၀တွေရှိသည်။ စတိုးဆိုင်ထဲမှာ ဘ၀တွေ ရှိသည်။ ကုမ္ပဏီရုံးခန်းမှောင်မှောင်လေးထဲမှာ ဘ၀တွေရှိသည်။ ထို့အတူ ကျနော်လည်း နေ့တိုင်း ဆက်ဆံ ပေါင်းသင်းနေရသော လိုင်းကားပေါ်မှာလည်း ဘ၀တွေရှိနေခြင်းပင်ဖြစ်သည်။

မြို့သစ်လေးမှာ ဧည့်စာရင်းတိုင်စရာမလိုလဲ သန်းခေါင်စာရင်းနှင့် မိသားစုဓါတ်ပုံနှင့်နေသော ကျွန်တော်၏ လိပ်စာနှင့် ကျွန်တော် အလုပ်ဆင်းရသည့်နေရာမှာ ဝေးသည်။ လိုင်းကားစီးလျှင် မိနစ် “၆၀” လောက် အချိန်ပေးရသည်။ ထိုအခါ လိုင်းကားပေါ်မှာ ဘ၀စာမျက်နှာ တွေကို ဖတ်ရသလို စိတ်ချယ်နယ်တချို့ကိုလည်း ခံစားနိုင်လေသည်။

အလုပ်သို့ အနည်းငယ်နောက်ကျသော နေ့မှာဖြစ်သည်။ ထိုနေ့က ကားမှာ လူမချောင်သော်လည်း စိတ်ပျက်စရာ ကောင်းလောက်အောင် မကျပ်ခဲ့ပေ။ ကျွန်တော်နှင့် အသက် “၆၀” ကျော် အဘွားအိုတစ်ဦး ကားပေါ်တက်လိုက်သည်နှင့် အနီးမှ လူတစ်ယောက်က “ဒီမှာ လာထိုင်ပါ” ဟု ဆိုသလို အသက် “၁၂” နှစ်ဝန်းကျင် ကျောင်းသူလေးတစ်ယောက်ကလည်း “အဘွား ဒီမှာလာထိုင်ပါ” ဟု ဆိုကာ ချက်ချင်းနေရာ ထပေး၏။ တစ်ပြိုင်နက်တည်း နေရာထပေးကြသဖြင့် အဘွားအိုက သူနှင့်နီးသည့်လူတစ်ယောက် ထပေးသည့် နေရာမှာ ၀င်ထိုင်လိုက်၏။

ထို့ကြောင့် ကျောင်းသူလေးက သူ့နေရာကို ပြန်ထိုင်မည်ပြုစဉ် “၅၀” လောက်ရှိမည့် မိန်းမကြီး တစ်ယောက်က အတင်းဝင်ထိုင်လိုက်လေသည်။

“အန်တီ အဲဒါ သမီးနေရာ ပြန်ဖယ်ပေးပါ”
“အို နင်ပိုင်တဲ့ နေရာမှ မဟုတ်တာ၊ လိုင်းကားပဲ ဘယ်သူဖြစ်ဖြစ် လွတ်ရင် ၀င်ထိုင်မှာပေါ့”
ကျွန်တော် ထိုမြင်ကွင်းကို ကြည့်ပြီးစိတ်မကောင်း ဖြစ်မိသည်။ လူကြီးမပီသသည့် ထိုမိန်းမကြီးကိုလည်း စိတ်ပျက်မိသည်။

“အန်တီ ဒီတစ်နေရာရဖို့ သမီး အချိန်ကုန်ခံပြီး ပတ်စီးလာတာ၊ အခုလို မတရားမလုပ်ပါနဲ့”
“အို ထမပေးနိုင်ဘူး ညည်းထလို့ ငါဝင်ထိုင်တာ”
“မညစ်ပါနဲ့ အန်တီ”

မည်သို့ပင်ဖြစ်စေ ထိုမိန်းမကတော့ သူ့ဆုံးဖြတ်ချက်ကို မပြင်တော့ပေ။

ကျောင်းသူလေးကလည်း ကျောက်ခဲကို ရေမညှစ်ချင်တော့သည့်အလား သူ၏ မှန်ကန်မှုအတွက် တိုက်ပွဲမ၀င်တော့ပေ။ အဝေးမှာ သွားရပ်နေလိုက်၏။

ကျွန်တော်ကတော့ သက်ကြီးရွယ်အိုကို စာနာစိတ်ရှိသည့် ထိုကျောင်းသူလေးအတွက်သာ စိတ်မကောင်းဖြစ်နေမိသည်။ ထို့အတူ တစ်ခုတော့ စိုးရိမ်မိသည်။

ယနေ့ တစိမ့်စိမ့်ခံစားရင်း လွဲမှားသည့် ပုံသေးနည်းတစ်ခုကို နုနယ်သည့် သူ့နှလုံးသားပေါ်မှာ အသား တံဆိပ်ရိုက်နှိပ်ထားလိုက်မိမှာ ကိုပင်ဖြစ်သည်။


မှတ်ချက်
ဒီအတိုဆုံး ၀တ္ထုစာတွဲကို(မဟေသီ အမှတ် ၂၇၅၊ နိုဝင်ဘာ၊ ၂၀၀၇ ခုနှစ်)ယူထားတာပါ။