အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

September 30, 2011

မြစ်ဆုံစီမံကိန်း နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ၁၀ ရာခိုင်နှုန်း ရရှိမည် ဟုဆို

မြန်မာနိုင်ငံ၏ အသက်သွေးကြော ဖြစ်သော ဧရာဝတီမြစ်၏ မြစ်ဆုံတွင် ဆက်လက် တည်ဆောက်မည့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြီးစီးပါက လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၈,၀၀၀ ထုတ်လုပ်နိုင်မည် ဖြစ်သော်လည်း နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ၁၀ ရာခိုင်နှုန်း (၁၈၀၀ မဂ္ဂါဝပ်) ကိုသာ Free Power အဖြစ် ရရှိမည် ဖြစ်ကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇော်မင်းက စက်တင်ဘာလ ၁၁ ရက်နေ့တွင် နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာန ဝန်ကြီးရုံး၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲ အခမ်းအနားတွင် ပြောကြားသည်။

"၁၀ ရာခိုင်နှုန်းပဲ ရမယ်ဆိုတော့ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းက တရုတ်ကို ရောင်းစားမှာပေါ့ " ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လေ့လာနေသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၅၀၀ ပေးလျှင်ပင် သုံးမကုန် နိုင်လောက်အောင် လုံလောက်ကြောင်း၊ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် ၁၈,၀၀၀ ခန့် ထွက်ရှိမည် ဖြစ်သောကြောင့် Market သဘောအရ ရောင်းချရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ငွေကြေး လုံလုံလောက်လောက် မရှိ၍ တရုတ် ရင်းနှီးမြှုပ်နှံမှုကိုလက်ခံရခြင်း ဖြစ်ကြောင်း၊ ယင်းသို့ လက်ခံမှုကြောင့် မြန်မာနိုင်ငံက ဓာတ်အား ၁၀ ရာခိုင်နှုန်း အလကားရမည် ဖြစ်ကြောင်း အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇော်မင်းက ပြောကြားသည်။

ဧရာဝတီမြစ် မြစ်ဆုံတွင် ယခုလက်ရှိ တည်ဆောက်လျက် ရှိသည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြီးစီးပါက လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၈,၀၀၀ ထုတ်လုပ်နိုင်မည် ဖြစ်၍ နျူကလီးယား ဓာတ်ပေါင်းဖို အလုံးပေါင်း ၂၀ ခန့်နှင့် ညီကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားသည်။ နျူကလီးယား ဓာတ်ပေါင်းဖို ၂၀ တည်ဆောက်မည် ဆိုပါက အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ကုန်ကျမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ရရှိရန် မည်သည့်မြစ်ကိုမျှ သုံးစရာမလိုကြောင်း၊ ယခုနှစ် ဧပြီလ အတွင်းက ရန်ကုန်မြို့ ယောမင်းကြီးလမ်း Gallery 65 ၌ ကျင်းပသည့် ရေဝေတောတောင် ပြပွဲတွင် အပြည်ပြည်ဆိုင်ရာ မြစ်များ စာအုပ် ရေးသားသူ ဦးဝင်းကျော် (အငြိမ်းစား ညွှန်ကြားရေးမှူး၊ ရေအားလျှပ်စစ်) က ပြောကြားသည်။

သဘာဝအလျောက် စီးဆင်းနေသည့် မြစ်ချောင်းများကို ပိတ်ဆို့ပြီး ရေလှောင်တမံ တည်ဆောက်ခြင်းသည် မြစ်ချောင်းများ ၏ ရေစီးရေလာကို ပျက်စီးစေကြောင်း၊ မြစ်ဝှမ်းအတွင်း ရေစီးပမာဏ၊ အရည်အသွေး၊ နုန်းပို့ချမှုပုံ သဏ္ဌာန်နှင့် ရေအသုံးချမှု ပုံစံများ ပြောင်းလဲကုန်ကြောင်းလည်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့ အဓိကထွက်ရှိသော နိုင်ငံဖြစ်သည့်အတွက် သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ တစိုက်မတ်မတ် လုပ်ကိုင်လာသူ ဦးမြင့်ဇော်က The Voice Weekly သို့ ပြောကြားသည်။

"ဘယ်စီမံကိန်းမဆို သဘာဝ ပတ်ဝန်းကျင် ထိတာပဲ။ မထိဘူးလို့ ပြောတဲ့သူက သဘာဝပတ်ဝန်းကျင်အကြောင်း မသိတဲ့သူပဲ" ဟု သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းအသင်း (FREDA) ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ လူဦးရေအများစုသည် သဘာဝ အရင်းအမြစ် ဖြစ်သော မြစ်ချောင်းများ၊ မြေဆီလွှာများကို အမှီပြုနေကြောင်း၊ ထို့ကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်သည့် လုပ်ငန်းများသည် အခြေခံလူတန်းစားများကို ပို၍ ထိခိုက်ကြောင်း ဦးမြင့်ဇော်က ဆိုသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်းများစွာ ရှိနေပြီး မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို တရုတ် ပြည်သူ့သမ္မတ နိုင်ငံရှိ China Power နှင့်ပူးပေါင်း၍ ၂၀၀၉ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း၊ သံလွင်မြစ်အတွင်း ရေအားလျှပ်စစ် စီမံကိန်း သုံးခုရှိကြောင်း၊ ချင်းတွင်းမြစ်နှင့် အခြား မြစ်ချောင်းများတွင်လည်း ရေအားလျှပ်စစ် စီမံကိန်းများ တည်ဆောက်လျက်ရှိကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

The Voice Weekly မှ ကူးယူဖေါ်ပြသည်။