အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

January 5, 2012

အင်းလေးကန် ရေရှည် ထိန်းသိမ်းရေး ၁၀ နှစ်စီမံကိန်း ECCDI တင်သွင်းမည်

မြန်မာနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံး ကုန်းတွင်း ရေချိုကန် ဖြစ်သော အင်းလေးကန် ရေရှည် တည်တံ့စေရေးအတွက် UN Habitat အဖွဲ့က ၁၀ နှစ် Action Plan ဖြင့် လုပ်ဆောင်နေရာ အစုအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (ECCDI) ကလည်း ဝင်ရောက် ရေးဆွဲ အဆိုပြုသွားမည်ဖြစ်ကြောင်း ECCDI ဥက္ကဋ္ဌ ဦးကျော်တင့်က The Voice Weekly သို့ ပြောကြားသည်။

ယင်း စီမံကိန်းမှာ ၂၀၁၂ မှ ၂၀၂၂ ခုနှစ်အထိ ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသော ပြည်တွင်း NGO အဖွဲ့အစည်းများက ဝင်ရောက် အဆိုပြုကာ ထိန်းသိမ်းရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရာသီဥတု ပြောင်းလဲမှုကြောင့် အင်းလေးကန် သဘာဝပတ်ဝန်းကျင် အခြေအနေများ ပျက်စီးယိုယွင်းလာခြင်းများတို့ကို လေ့လာခဲ့ရာတွင် ၎င်းတို့ အဖွဲ့အနေနှင့် အဓိကအချက် ခုနစ်ချက်ကို ဦးစားပေး လုပ်ဆောင်မည် ဖြစ်ကြောင်း၊ သစ်တောများ ပြုန်းတီးမှုနှင့် စိုက်ပျိုးနိုင်မှု ဧရိယာများ လေ့လာခြင်း၊ စိုက်ပျိုးရေးတွင် ဓာတု ဓာတ်မြေဩဇာများနှင့် ပိုးသတ်ဆေးများ အလွန်အကျွံ သုံးစွဲမှု မရှိစေဘဲ ဇီဝ ဓာတ်မြေဩဇာ သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ ကန်အတွင်း အိမ်များ တိုးလာခြင်း၊ ဟိုတယ်၊ စားသောက်ဆိုင်နှင့် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများနှင့် အညစ်အကြေးများ စည်းကမ်းမဲ့ စွန့်ပစ်ခြင်း၊ စနစ်တကျ သန့်စင်သည့် စနစ်များ မရှိခြင်း၊ အင်းလေးကန်အတွင်း ငါးများ ရှော့ခ်ရိုက် ဖမ်းဆီးခြင်းများကြောင့် ငါးမျိုးများ ပြုန်းတီးလာမှုကို ကာကွယ် ထိန်းသိမ်း နိုင်ရန် ပြန်လည် ဖြည့်ဆည်းပေးခြင်းနှင့် ရေကောင်းရေသန့် ရှားပါးလာကာ ရေအရည်အသွေး ကျဆင်းလာခြင်း တို့ကို ပြန်လည် ထိန်းသိမ်းခြင်းတို့ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

"ဒီဇင်ဘာလကနေ စပြီးတော့ သုံးလအတွင်းမှာ အပြီး ရေးရမယ် " ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP)၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့နှင့် ပူးပေါင်းပြီး အင်းလေးကန် ရေရှည် တည်တံ့ရေး နှစ်ရှည် စီမံကိန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အင်းလေးကန် ရေရှည် တည်တံ့စေရေး ဘက်စုံထိန်းသိမ်းရန် အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို UN-Habitat နှင့် ပူးပေါင်းပြီး ဩဂုတ်လ ၂၄ ရက်မှ ၂၅ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သစ်တော ဦးစီးဌာန ထံမှ သိရှိရသည်။

ရာသီဥတု ပူပြင်းမှုကြောင့် အင်းလေးကန်မှာ ၂နှစ်တာ ကာလအတွင်း ရေပြင် ဧရိယာမှာ ၁၃ စတုရန်း မိုင် လျော့နည်း သွားခဲ့သည်။ ၂၀၀၈ ခုနှစ် နွေရာသီတွင် ၄၀ စတုရန်း မိုင်ရှိခဲ့ရာမှ စံချိန်တင် ပူပြင်းခဲ့သောကြောင့် စတုရန်း မိုင်ပေါင်း ၂၇ မိုင်ခန့်သာ ကျန်ရှိတော့ကြောင်း၊ အင်းလေးကန်၏ တောင်နှင့် မြောက်အလျားသည် ယခင်က ၃၆ မိုင် ရှိခဲ့ရာမှ ယခုအခါ ၁၁ မိုင်သာရှိကြောင်း၊ အနံမှာလည်း ယခင် ရှစ်မိုင် ရှိရာမှ ယခုအခါ လေးမိုင်သာ ရှိတော့ကြောင်း သစ်တော ဦးစီးဌာန၏ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

The Voice Weekly မှ ကူးယူဖေါ်ပြသည်။