အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

October 7, 2011

မြစ်ဆုံစီမံကိန်း ပြန်လည် သုံးသပ်ရန် နိုင်ငံတော် သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ပြောကြား

မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်ပြီး လူပေါင်း ၂၇ သန်းကျော် မှီခိုနေရသည့် ဧရာဝတီမြစ် မြစ်ဆုံတွင် လက်ရှိ တည်ဆောက်လျက် ရှိသော မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအား တည်ဆောက်သင့်၊ မဆောက်သင့် ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး ဒေါက်တာ ဦးမြင့်မှ The Voice Weekly နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

"ဆရာကတော့ မြစ်ဆုံ စီမံကိန်းကို ဆက်မလုပ်စေချင်ဘူး၊ သမ္မတကိုလည်း ပြောထားပြီးပြီ" ဟု ဦးမြင့်က ဆိုသည်။

ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဖြစ်သည့်အတွက် ယင်းကဲ့သို့ စီမံကိန်းကြီးအား မလုပ်သင့်ကြောင်း၊ အခြားနိုင်ငံတကာ အဖွဲ့အစည်းများ ဖိတ်ခေါ်၍ ယခုတည်ဆောက်နေသည့် စီမံကိန်းကို ပြန်လည် သုံးသပ်လေ့လာခိုင်း သင့်ကြောင်း၊ ဒေသတွင်း ရေအားလျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်၍ ဩဇာကြီးသော မဲခေါင်ဒေသ အဖွဲ့အစည်းများကို ဖိတ်ခေါ်၍ Economic and Social Impact Assessment ကို ပြန်လည် လုပ်သင့်ကြောင်း၊ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ပြဿနာ တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး ပြဿနာများပါ ပါဝင်နေကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် စဉ်းစားပေးရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"နိုင်ငံရဲ့ Growth အတွက် ဆောက်တာလို့ ပြောနေကြတယ်၊ Growth ထဲမှာ Cost တွေပါတယ်၊ အဲဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ Growth နဲ့ Cost ကိုရော ဘယ်သူမှ လေ့လာထားရသေးတာ မဟုတ်ဘဲ နိုင်ငံဖွံ့ဖြိုးရေးအတွက် လုပ်တယ်ဆိုတာ ပြောမနေသင့်ဘူး" ၎င်းက ဆက်လက် ပြောကြားသည်။

UN နှင့် မြစ်ဆုံစီမံကိန်းသည် ဘာမှ မသက်ဆိုင်ကြောင်း၊ ကိုယ့်နိုင်ငံနှင့်သာ သက်ဆိုင်ကြောင်း၊ နိုင်ငံ၏ လျှပ်စစ်စွမ်းအား ရရှိရေးသည် အမျိုးသားအကျိုးစီးပွား ဖြစ်၍ ဆက်လက် တည်ဆောက်သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁၁ ရက်နေ့တွင် နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပပြုလုပ်ခဲ့သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် အမှတ် (၁) လျှပ်စစ်စွမ်းအား ပြည်ထောင်စု ဝန်ကြီး ဦးဇော်မင်းက ပြောသည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧရာဝတီမြစ် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို အစိုးရက ဆက်လက် လုပ်ဆောင်မည်ဟု သတင်းထုတ်ပြန်မှုအပေါ် အစိုးရနှင့် ပြည်သူကြား ညှိနှိုင်းမှုဖြင့် အကောင်းဆုံး အဖြေရှာကြရန် တိုက်တွန်းထားကြောင်း The Voice Weekly Vol.7/ No. 40 တွင် ဖော်ပြပါရှိသည်။

The Voice Weekly မှ ကူးယူဖေါ်ပြသည်။