အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

December 12, 2007

ဝဘ်ဆိုက်ရဲ့ လစ်များ...

မီဒီယာ ၀ဘ်ဆိုက်များ

ခေတ်ပြိုင်သတင်းဌာန
ဧရာဝတီ အင်တာနက်မဂ္ဂဇင်း
ရိုးမ ၃ သတင်းဌာန
မဇ္ဈိမ သတင်းဌာန
ဟစ်တိုင် သတင်းဌာန
------------------------------------------------------------------------------------------
မြန်မာ သီချင်းဝဘ်ဆိုက်များ

Myanmar MP3
Myanmarworld
AyinePan
Flashband
Shwe dream
Nya Ka Byar
City FM
Myanmar Songs
Burmese Classical Songs
Min Thi La
------------------------------------------------------------------------------------------
မာတီပလိုင်းများ

2 Moons
Ab2yo4
Annasan
Arker
Athalay
Athlecticgurl
အောင်စိုး
Aye Khant14
Aye Yar Thar
Baby Baby Corn
Chan Aye Ko
ချင်းမလေး
ချစ်ဆုံးသူ
Christna Lwin
ကိုအုန်းသီး
Emoxunalgurl
Daw Sate Pote
Demokitto
girlty
Hninsan
Htet Htet Wint
In Love
jagi75
Juliengenge
Kachin Ma Lay
Kyaw Thu Bo
Khine
Lawer Lay
Lu Phone
Luvlybbangel
M M Maung
Moore Htate Htar
Mraungi
Muriel
မြတ်ဝန်းလေး
Nal Thu
Nay 2002
Full Moon Lay
Norwayly
ညီချစ်လေး
On Saw
Oo Nay Oo
Princesscherry
Romantic
ဆရာမ
Shafimedia
Shwe Lay
Smart 2477
Spycasper
Swam Htet Aung
Than Zin Phyu
Thein Tun Aung
Troths
White Lay
Widurii
Yadanar
Ya Min Than Zin
Zamudra
Zar Phyu Pwint
------------------------------------------------------------------------------------------

December 11, 2007

ဇာတ်ဝင်တေးများပါသော မစန္ဒာဝတ္ထု

ဏေလင်းထွဏ်း

ခုံမင်ခဲ့ဖူးတဲ့ အနမ်းတွေလည်း.... မစန္ဒာ၊ ငါ အခါတစ်သန်း အနမ်းတွေ ပေးချင်နေသေးတယ်ကွယ်။

တို့ချိန်းတွေ့တိုင်း လာချောင်းချောင်းကြည့်နေတတ်တဲ့ ငှက်ကလေးတွေတောင် စုံတွဲတွေ ဘာတွေ ဖြစ်နေကြပြီကွဲ့။

သူများကို အားကျမိတယ် အချစ်ကလေးရယ်။ ငှက်၊ ငှက်။ မင်းပဲပြောခဲ့တယ်လေ ‘ဆင်းရဲတဲ့ ဒဏ်ကိုလည်း ခံနိုင်ပါတယ်’ ဆို။ အခုမှ ‘ကျွန်မ ဟင်းကောင်းကြိုက်တတ်တယ်ရှင့်’ တဲ့လား။ သွားပြီ၊ မရှိတော့ဘူး။

ငါးနှစ်လား။ ငါးနှစ်တောင်မှလား။ ငါးနှစ်ကြီးများ တောင်မှလား။
အောင်မယ်လေး မစန္ဒာရယ်။ ငါ အသည်းကွဲသီချင်းသစ် မဆိုချင်ပါဘူး။

ချဲဒိုင်တွေကတော့ ထွက်ပြေးကုန်ကြပြီ မစန္ဒာ။ ပေါက်ဂဏန်းပါတဲ့ ဘောက်ချာတွေကိုင်ပြီး စိတ်ညစ်နေ ကြရတာပေါ့။ ငါ တောင်းပန်ပါတယ် မစန္ဒာ။ နင် ငါ့ကို ‘အတည်’ တွေ၊ ‘တွတ်’ တွေ မပေးဘဲနဲ့ ထွက်ပြေး မသွားပါနဲ့။ နင့်ကိုရဖို့ ငါးနှစ်ကြီးများတောင် မူးစုပဲစုနဲ့။ ငါဆက်ပြီး မအောင့်နိုင်တော့ဘူး။

အဲဒါနဲ့ပဲ တစ်ခါတုန်းက တို့ရွာမှာ သဘောကောင်းပြီး ဆင်းရဲတဲ့ ဘာဖြစ်တဲ့၊ ညာဖြစ်တဲ့ ခေတ်ဟောင်းတေးကြီး ငါက ပြန်ဆိုရဦးမယ်။

စိတ်ညစ်တဲ့အထဲမှာ အဲဒါတွေပါတယ် မစန္ဒာ။

အေးပေါ့လေ။ နင်က ဆင်ပေါ်က အဲ စင်ပေါ်ကဆိုတော့ ငါ့ရဲ့ နှလုံးသားထဲ မျက်ရည်ကျနေတဲ့ အဖြစ်ကို ပြုံးစိစိ ပြက်ရယ်ပြုနိုင်ပြီပေါ့။

အိုဝို့ အနာဂတ်နေ့တွေ အရောင်လွင့်ခဲ့ပြီ။

အိမ်မက်မြစ်တွေ ခြောက်ခန်းသွားရင်တော့ အိပ်မက်ချောင်းတွေ ငါထပ်မံတူးဖော်ရလိမ့်မယ်။ အချစ်ရေ၊ မစန္ဒာ လေးရေ၊ တို့ဘ၀ရှေ့ရေး ဖြောင့်ဖြူးသာယာဖို့အတွက် နင်တစ်ခါတည်း လုပ်အားပေးလိုက်ခဲ့လှည့်ကွဲ့။

ငါပိုလီယိုကာကွယ်ဆေး နှစ်စက်မသောက်ရရင် နေပါစေ မစန္ဒာ။

နင်ရဲ့ ဖက်ခေါင်းအုံးလှလှ နေရာလေးကိုသာ ငါ ရွရွကလေး ၀င်လာပါရစေတော့။ သုံးသီးစား လယ်ဧကတွေ တောင် အလုပ်ဖြစ်ကုန်ကြပြီ မစန္ဒာ။

မှောင်ရီဝေ ၀ိုးတ၀ါး ကြယ်တွေ့မစုံတဲ့ည။

လေဖိအားနည်းတဲ့ လကမ္ဘာပေါ်သွားနေရရင် ရင်ထဲက အောင့်သက်သက် အချစ်ဝေဒနာတွေ ပေါ့ပါးသွား မလားပဲ။ ဒါပေမယ့် ငါ မီးပုံးပျံကောင်းကောင်း မလုပ်တတ်သေးတာ ခက်တယ်ကွယ်။ သီတင်းကျွတ်တာနဲ့ သူများလုပ်ပြီးသား မီးပုံးပျံကိုငှား၊ နင့်ကို မရအရခေါ်တင်ပြီး တစ်ခါတည်း ခိုးပြေးရရင် ကောင်းမလား။ ဒါလည်း မဖြစ်သေးပါဘူးလေ။ လကမ္ဘာပေါ်ဆိုတာက မိုတယ်တွေ၊ အင်းတွေရှိသေးတာ မဟုတ်ဘူး။ မစန္ဒာလေး အနေအစား ဆင်းရဲရင် ဒုက္ခ။

“အတွေးတွေ ရှုပ်ရင်း ရှင်းမရပါလား အ၀ု”

ယုံပါ မစန္ဒာ။ နင့်အချစ်ကို ရရှိပြီးသား ငါ နင့်ကိုသာ ထပ်မံရရှိဦးမယ်ဆိုရင် ထမင်းမစားဘဲ ဘယ်နှစ်ရက် နေရနေရ ငါနေပြပါ့မယ်။ (ဟမ္ဘာဂါ စားၿပီး)။ မော်တော်ပီကယ်ပေါတဲ့ လမ်းမှာ လူကူးမျဉ်းကျား မရှိတဲ့နေရာက ဖြတ်လျှောက်ပြဆိုရင်လည်း လျှောက်ပြပါ့မယ်။ (ဒဏ်ငွေ ၂၀၀ိ/-ဆောင်ပြီး)၊ မြန်မာခရီးသွားနှစ်ကို ရောက်လာတဲ့ ဧည့်သည်နိုင်ငံခြားသားတွေနဲ့ စကားပြောပြဆိုင်ရင်လည်း နင့်ရှေ့မှာ တင် ငါပြောပြပါ့မယ့်။ (တိုးရစ်ဂိုက်တစ်ယောက်ခေါ်ပြီး)။ တကယ်ပါ မစန္ဒာ။

“ဒါဆို နားလည်နိုင်မှာလား အချစ်လေး”

နင်ပြောသလိုသာ နင့်ကိုရဖို့ ငါးနှစ်ထပ်စောင့်နေရဦးမယ်ဆိုရင် သက္ကရာဇ်နှစ်ထောင်ကျော်မှ ငါမိန်းမရမှာဟ။ မဖြစ်သေးပါဘူးဟာ။ ကုန်ဈေးနှုန်းကို ငါဈေးမဆစ်တတ်ပေမယ့် အချစ်ကိုတော့ ငါဈေးဆစ်ပါရစေ မစန္ဒာ။ နည်းနည်းလောက် လျှော့ပါဟာ။ ငါ့အမေက ကလေးသိပ်ချစ်တာဟ။ ငါသိတယ်။ ငါပြောရင်ယုံ။

“သန်းခေါင်ယံ အချိန်ဆိုရောက်ရောက်လာတယ်။ မာရ်နတ်ဆိုးလား မင်း”

နင် တကယ်မသိပါဘူး။ ခုအချိန်မှာ ကမ္ဘာကြီး အမှန်တကယ် ပျက်စီးသွားရင် နင်ရောငါပါ သောက်ကျိုးနည်း ကုန်ကြရမှာ။

“ငါ့ အချစ်က အချစ်ကိုရှာခဲ့”

ဆေးဆိုင်တွေ စုံတကာစေ့အောင် လျှောက်ပြီး ငါဝယ်ချင်တဲ့ အိပ်မက်ကောင်းဆေး လိုက်ရှာသေးတယ်။ ဆိုင်တိုင်း ဆိုင်တိုင်းက မရှိဘူးချည်း ပြောပြောလွှတ်နေတယ်။ ဒါပေမယ့် ငါစိတ်မပူပါဘူး မစန္ဒာ။ ငါ့မေဂျာ ဘာသာရပ် ဓာတုဗေဒသင်ခန်းစာတွေထဲက ကလိုရိုဖောင်းဆိုတဲ့ လူကိုရယ်စေတတ်တဲ့ ဓါတ်ငွေ့တစ်မျိုးကို ဆေးထိုးအပ်ရှည်ရှည်သုံးပြီး ငါ့နှလုံးသားထဲကို ထိုးထည့်ဖို့ စီစဉ်ပြီးသွားပြီ။ ခက်တာက အဲဒီ ဓာတ်ငွေ့များ သွားရင် အတိတ်ဆိုတာကြီးကို လုံးလုံးမေ့သွားမှာတဲ့ဟ။ မစန္ဒာရယ်၊ နင့်ကိုပါ မေ့သွားရင် ဒုက္ခ။ ငါ အတိတ်မမေ့ ချင်ပါဘူး။

“ဘ၀သံသရာ ရှည်လျားထွေပြား”

နင်တစ်ခါပြောဖူးတဲ့ ‘ပစ္စည်းအသစ်တစ်ခုကို မြင်ရင်ရှိပြီးသား ပစ္စည်းကို မေ့သွားမှာ’ ဆိုတာ ငါ နင့်ကိုပစ်ပြီး အခြားတစ်ယောက်နဲ့ ကြိုက်သွားမှာ စိုးရိမ်လို့ နင်ပြောတာ မဟုတ်လား။ ပူတတ်ရန်ကော မစန္ဒာလေးရယ်။ နင်တို့ မိန်းကလေးတွေဟာလေ အဲဒီလိုချည်းပဲ။

နေရာတကာ ငါတို့ယောက်ျားလေးတွေထက်ကို ပိုပူပူတတ်လွန်းတယ်။ ငါနဲ့ခင်နေတဲ့ တရုတ်မကြီး တစ်ယောက် က နင်နဲ့ပတ်သက်ပြီး ငါ့ကို အမြဲသတိပေးခဲ့တယ် မစန္ဒာ။ ‘သံခရား အမဲမရှိဘူး’ တဲ့။ ‘အိနိပ်စနဲ့စုပ်ခ မီတွေ့ခင် ၀က်သား မြန်မြန်စားထားမှ တန်ရုံကျမှာ’ တဲ့။ ကွေးသောလက်မဆန့်မီ ဆန့်သောလက် မကွေးမီမှာ ငါနင့်ကို ရမှရပါ့မလားမသိ။

“လူသားတွေဟာ အားလုံး သင်္ချိုင်းကုန်းကို…”

အဲဒါကြောင့်မို့ ငါပြောတာပေါ့။ ငါးနှစ် မလုပ်ပါနဲ့။ လျှော့ပါဦးဆိုတာကို။ ခုတော့ ကောင်းသေးရဲ့လား။ မြန်မာ ဘောလုံးအသင်း ရှုံးသွားပြီ။ နင်တော်တော် အ တယ် မစန္ဒာ။ တရုတ်ကြီးရဲ့ စကားကို ငါနှလုံးသွင်း ဆင်ခြင်မိ တိုင်း နင့်ကို ဒေါသထွက်မိရဲ့။

“ကိုယ်လေ စဉ်းစားမရနိုင်တိုင်း နံရံကို လက်သီးနှင့်ထိုးမိတယ်”

မစန္ဒာရယ် နင့်ကိုမှ ချစ်မိနေပါတယ်။ နင့်ကိုချစ်မိတဲ့ အချစ်တွေကို ခဲတံချွန်တဲ့ ဓားသေးသေးလေးနဲ့ ငါ လိုက်ခုတ် ကြည့်မိသေးတယ်ဟ။ ဒါပေမယ့် အချစ်က မသေဘူး။ သွေးလည်းမထွက်ဘူး။ အချစ်တစ်ခုကို ငါခုတ်လိုက်မိတာ အချစ်နှစ်ခုဖြစ်သွားတယ်။ လိုက်ခုတ်ရင်း ခုတ်ရင်း အချစ်တွေများ လာတယ်။ ကမ္ဘာလောကကြီးတစ်ခုလုံး အချစ် တွေ ပြည့်လျှံသွားတယ်။ ဒီကဖြင့် ဟိုနေရာကတုန် ဒီရောကတုန် ချစ်လိုက်ရတာ မစန္ဒာ။

“နှလုံးသားမှာ တွယ်တာစရာ ချစ်ချစ်ယိုစုံ”

မစန္ဒာရေ နင့်ရဲ့ကိုယ်ပိုင်အချစ်တွေကို ငံပြာရည်နှင့် ဆားများများသာ ထပ်ထည့်လိုက်။ ငါက ငရုတ်သီးစပ်စပ် ကြိုက်တတ်သလို လေးလေးပင်ပင် အရသာတွေလည်း ကြိုက်တတ်သေးတယ်ကွဲ့။

“စွန့်စားမယ် ကိုယ့်အချစ်ရေ လိုက်ရဲ့လား”

ကောင်းမှန်းသိရဲ့သားနဲ့ မလုပ်ရင် မကောင်းဘူး မစန္ဒာရဲ့။ ဂွတ်မယ်ထင်ရင် ဒူးသာဒူး။ ကိုယ်ဒူးမှ ကိုယ့်ဖို့။ အိုင်တိတ်(ခ်) သမျှ ယူပြန်မဂစ်(ဗ်) နိုင်ရင်တော့ အိုင့်ဖျူးချားလေး ကြွေကျသွားလိမ့်မယ် မစန္ဒာ။ အိုင် မဟာဇနက္ကိလို ရေထဲခုန်ချ ပလုံစွပ် ပလုံစွပ် မအစ်(စ်)ပါရစေနဲ့လား မေခလာ အဲ မစန္ဒာရယ်။

“ရာဇ၀င်မှာ သင်္ဘောမှောက်ရင် မေခလာ ရောက်လို့လာတယ်”

ငါရှိနေရဲ့သားနဲ့ နင့်ကို လာလာနောက်ပိုးထတဲ့ကောင်တွေကို အရင်လို လေးခွနဲ့ မပစ်မိအောင် ငါအတန်တန် စိတ်ထိန်းပါတယ်။ ငါ့ပေါက်ကွဲမှုတွေကိုတော့ နင်မဖောက်ခွဲရဘူးနော် မစန္ဒာ။ အဲဒီ့ကောင်တွေကို နင်ပြန်မကြည့် ရဘူး။ ငါးနှစ်ကိစ္စကိုလည်း လျှော့ဖို့ မမေ့နဲ့ဦး။

“ဟေ့ အသည်းလေး အားလုံးကြိုက်တဲ့ အသည်းလေး”
“ဗျို့ ကိုဧရာကြီး ဘာဖြစ်နေတာလဲ”
“တူ တူ”
“တူ တူ တူ”
“ကျွန်တော် မစန္ဒာနဲ့ တွေ့ချင်လို့ပါ ခင်ဗျာ”
“ဘာသူလဲကွ”
“သြော် ကျွန်တော် သူ့သူငယ်ချင်းပါ”
“ဟေ့ကောင် မင်းကို ငါနာမည်မေးနေတာ”
“အင်း၊ ဟုတ်ကဲ့ ဟို”
“ခွပ်”
မောင်ပြောမယ် နားထောင်ပါလား အချစ်ရယ်။
မိဘတွေ မသိအောင် တို့နှစ်ယောက်ထွက်ပြေးမယ်။

အချစ်ရေ ဘယ်နေ့လဲ။ မသိဘူးနော် မစန္ဒာ။ ငါ့ကိုတော့ ရီးတီးယားတား လာမလုပ်နဲ့။ ငါမိန်းမ မရလို့ကတော့ အခြောက်လုပ်ပြီး ယောက်က်ျားယူပစ်လိုက်မှာပဲ။ သိဘူး၊ သိဘူး။ သွပ်ပြားစိတ်ကိုတော့ လာမဆွနဲ့။ သွပ်ပြားတို့ က မဆွခင်ကတည်းက ရွပြီးထပြီးသား အစားမျိုး။ သိတယ်မဟုတ်လား။

“နောင်သံသရာထဲ ဆက်လက်ပြီး နောက်ဆို ဒီလို ဘယ်တော့မှ”
“အလို စန္ဒာ။ ချစ်သော စန္ဒာ။ မစန္ဒာ”
“ဒီနေ့ကျမှ ငါကိုယ်တော်မြတ်ကြီး မြင်နိုင်မှု အသုံးဝင်တန်ဖိုးတွေ မြင့်ချင်တိုင်း မြင့်မြင့်မြင့် တက်ပြီးတော့ နန်းဆန် သူ ယဉ်အချောက လှချင်တိုင်း လှလှလှနေဘိပါတကား။ မိဖုရားခေါင်ကြီး စန္ဒာဒေ၀ီလေးရဲ့။ ဗဂျီ”

“ငှဲ ငှဲ”
“ဟဲ့ သေနာကောင် ဘာဖြစ်နေတာလဲ”
“ခင်ညာ”
“နင် ခုတလော တော်တော်ပိုးထနေပါလား”
“ငှဲ ငှဲ”
“ဘာ ငှဲငှဲလဲ။ စာနဲ့တစ်မျိုး၊ ဖုန်းနဲ့တစ်မျိုး ငါစိတ် အနှောင့်အယှက်ဖြစ်အောင် နင်အမျိုးမျိုး လုပ်ခဲ့တယ်။ ငါမကြိုက် တာတွေ လျှောက်မလုပ်ပါနဲ့ ပြောတာလည်း မရဘူး။

ငါအခု နင်နဲ့စာရင်းရှင်းရအောင် လာတာ”
“အငှီး၊ လချုပ်လား၊ နှစ်ချုပ်လား”
“နင် ပြောင်တောင်တောင် လုပ်မနေနဲ့။ ငါ နင့်ကို”
“အိုး မချစ်ဘူးတဲ့ သူက”
“ငါ တကယ်ပြောတာ။ နင်က”
“ဘာ ငါက နားငြီးအောင် ပူဆာတတ်လွန်းလို့ နင် ငါ့ကို အပြီးဖြတ်လိုက်ပြီ ဟုတ်လား”
“တကယ်ဟုတ်ပြီတဲ့ ဟုတ်လား”
“တကယ်ဟုတ်ပြီတဲ့လား မစန္ဒာ”
“အောင်မယ်လေးဟဲ့၊ လေးဟဲ့”
အချစ်ဟာ မန်းနီး မော့စ်သိပါတယ်။
“အား ငါနေလို့ မရတော့ဘူး”
“ဟိုတလောက အမေရိန်မှာကျတဲ့ နှင်းမုန်းတိုင်းတွေ ကျွန်တော့်နှလုံးသားထဲကို ၀င်မွှေနေပြီဗျို့”
“ကယ်ကြပါဦး”
သွားပြီ။ ငါတော့ အကယ်ဒမီ မရတော့ဘူး။
အောင်မယ်လေး သွားပါပြီ။ ငါ အကယ်ဒမီ မရတော့ဘူး။
တောက်၊ အမိုက်မ မိစန္ဒာ။
အစကတော့ ရေလာမြောင်းပေး လုပ်ခဲ့ပြီးတော့ ဘာဖြစ်လို့ အခုကျမှ ထမင်းရည်ပူလျှာလွှဲ လုပ်ရတာလဲဟဲ့။ တေချင်းလျှိုးမရဲ့။

ဟာ။ လူသေလို မီးမြိုက်ရင်တောင် နှလုံးသား မီးမလောင်မယ့်ဟာမ။

အစကတော့ ချစ်တယ် ပြောပြီး အခုကျမှ မချစ်ဘူးတဲ့။ ဓားနဲ့ထိုးပစ်မယ်။ တုတ်နဲ့ ရိုက်ပစ်မယ်။

ဟာမ၊ မြွေးပွေးမ၊ မြွေဟောက်မ၊ မတာမ၊ တေချင်းလျှိုမ၊ တောက်ကန်းမ၊ ဗီလိန်မ၊ လဒမ၊ မဂန်းမ၊ ဗိုက်နာမ၊ အေအိုင်ဒီ(စ်)မ။

အခုတော့ အလို ပရိသတ်ကြီးရဲ့၊ အခုတော့ဖြင့် “တစ်ယောက်တည်းလား မေးတော့ ငါတစ်ယောက်တည်းပါ”

December 10, 2007

ကဗျာ

မြစ်က ခေတ်ကြီးထဲ စီးဝင်နေ

စကတည်းက
မြစ်တစ်စင်းရဲ့ အတ္ထုပ္ပတ္တိ
မဆန်းစစ်ခဲ့မိတာလား။

ရေဆန်
ရေစုန်
မြစ်ချောင်းများအလှဆင်ပုံမှာ
ပကတိအရှိတရားအတိုင်း
သမိုင်းဖြစ်တည်ခဲ့။

ရေလှိုင်းများ….
ဒီရိုင်းရဲ့ ရိုက်ချက်က
အမှိုက်.. ဒိုက်သရောတစ်ပုံတစ်ပင်နဲ့
အကျည်းတန်ပကွယ်။

“မိုးကုပ်စက်ဝိုင်းနှင့်
အလျားလိုက်ညီနေသည့်
မျဉ်းကြောင်းမျက်နှာပြင်
Level မျဉ်းများ”
… … … စီးဆင်း
အညစ်အကြေးမှန်သမျှ ရှင်းလင်း
မြစ်ရဲ့ အဘိဓမ္မာ
ခိုင်မာစေခဲ့တယ်။ ။

ဝင်းသူရ
ဒီကဗျာကိုတော့ မဟေသီ ရုပ်စုံမဂ္ဂဇင်း (အမှတ် ၂၇၅၊ နိုဝင်ဘာ၊ ၂၀၀၇ ခုနှစ်) ကနေ့ပြီး ဖေါ်ပြထားတာပါ)

December 6, 2007

ဟာသများ အသစ်

စကားနိုင်လုကြစို့

ချာတိတ်နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အားကျမခံ စကားနိုင်ထိုးနေကြသည်။
“ငါ့အဖေက မင်းအဖေထက်သာတယ်ကွ”
“မဟုတ်ဘူး၊ ငါ့အဖေက သာတယ်”
“ငါ့အစ်ကိုက မင်းအစ်ကိုထက်သာတယ်ကွ”
“မသာဘူး၊ ငါ့အစ်ကိုက သာတယ်”
“ငါ့အမေက မင်းအမေထက်သာတယ်ကွ”
“အေး…... အဲဒါတော့ မင်းမှန်တယ်၊ ငါ့အဖေကလည်းပြောတယ်”

သစ္စာဖောက်

“ဟေ့မိန်းမ၊ မင်းငါ့ကို သစ္စာဖောက်တယ် မဟုတ်လား”
“မဟုတ်ရပါဘူး”
“မင်း အီတလီသားနဲ့ ဖောက်ပြန်တယ်လို့ ငါသတင်းရတယ်”
“ဒါကတော့ ပိုလို့တောင်မမှန်သေးတယ်”


နတ်ပြည်တံခါး

နတ်ပြည်သို့အ၀င် တံခါးရှေ့တွင် သာသနာပြုဘုန်းကြီးနှင့် ဘတ်စ်ကားဒရိုင်ဘာတို့ရပ်နေကြသည်၊ သိကြားမင်းသည် ၎င်းတို့ကို အတန်ကြာအကဲခတ်သည်။ အချိန်ယူစဉ်းစားပြီးနောက် ဘတ်စ်ကားဒရိုင်ဘာကို နတ်ပြည်ထဲသို့ ၀င်ခွင့်ပေးလိုက်သည်။ သာသနာပြုဘုန်းကြီးက မကျေမနပ်ပြောသည်။
“ဘယ်လိုလုပ်တာလဲ၊ ကျွန်တော်က တစ်ချိန်လုံးဘုရားရဲ့ အဆုံးအမတွေကိုဟောတယ်၊ သူကတော့ တစ်ချိန်လုံးဆဲရေးတိုင်းထွာတဲ့ စကားပြောတယ်၊ အရေးကြုံမှ ဘုရားတတယ်”
“ခင်ဗျားတရားဟောချိန်မှာ တရားနာသူတွေအားလုံး အိပ်မောကျကြတယ်၊ သူကားမောင်းချိန်မှာ ခရီးသည်တွေအားလုံး ဘုရားတကြတယ်၊ ဒါကြောင့် လူသားနဲ့ ဘုရားသခင် ပိုနီးစပ်အောင် သူကခင်ဗျားထက် ပိုစွမ်းဆောင်နိုင်တယ်လို့ ကျုပ်ယူဆပြီး အခုလို ဆုံးဖြတ်လိုက်တာပဲ၊ မကျေနပ်လည်း မတတ်နိုင်ဘူး”


အရေးပေါ်

အမည်မသိလူတစ်ဦး ဆရာဝန်ထံဖုန်းဆက်သည်။
“ဒေါက်တာ လုပ်ပါဦး၊ ကျွန်တော့်သားငယ်လေး ဖောင်တိန်ကိုမြိုချလိုက်တယ်ဗျ”
“အမြန်ဆုံးလာခဲ့မယ်၊ ဒါနဲ့ အခုခင်ဗျားဘာလုပ်နေသလဲ”
“ခဲတံနဲ့ရေးနေတယ်”


ချောင်းဆိုးရောဂါ

“ဒေါက်တာ ကျွန်တော်ချောင်းခဏခဏဆိုးနေတယ် ခင်ဗျာ”
“အန်ကယ့်အသက် ဘယ်လောက်ရှိပြီလဲ”
“၇၅ -နှစ်ပါ”
“အသက် ၂၀ အရွယ်တုန်းက ချောင်းဆိုးခဲ့ဖူးသလား”
“ဟင့်အင်း”
“အသက် ၄၀ အရွယ်တုန်းကရော”
“မဆိုးခဲ့ပါဘူး”
“ရှင်းနေတာပဲ အန်ကယ်ရယ်၊ ဒီအရွယ်မှာမှ ချောင်းမဆိုးရင် ဘယ်အချိန်မှာ သွားဆိုးမှာလဲ”


ဒါကြောင့်ပါ

“အသုဘပွဲ၊ ရက်လည်ဆွမ်းကပ်ပွဲတွေကို ခင်ဗျားသွားပြီး၊ မင်္ဂလာဆောင်ပွဲတွေကျတော့ ခင်ဗျားတစ်ခါမှသွားတာ မတွေ့ပါလား”
“အသုဘပွဲ၊ ရက်လည်ဆွမ်းကပ်ပွဲတွေမှာ မင်းအလှည့်ဘယ်တော့လဲလို့ ဘယ်သူမှ မမေးဘူးလေ”


အထီးအမ ခွဲခြားနည်း

“မေမေ၊ ကျွန်တော် ယင်ကောင်ငါးကောင်ကို သတ်လိုက်တယ်၊ နှစ်ကော်က အထီး၊ သုံးကောင်က အမ” ဟု ငါးနှစ်သား ပီတာက မိခင်ကို ပြောသည်။
“ဟုတ်လား၊ ဒါနဲ့သားက ယင်ကောင်အထီးနဲ့ အမကို ဘယ်လိုခွဲသလဲကွဲ့။”
“အော် ဒါလား၊ နှစ်ကောင်က ဘီယာပုလင်းပေါ်မှာ၊ သုံးကောင်က ကြည့်မှန်ပေါ်မှာ နားနေကြတယ်လေ”


နတ်မိမယ်

“မေမေ၊ နတ်မိမယ် ဆိုတာဘာလဲဟင်”
“နတ်မိမယ်ဆိုတာ လူနဲ့ တူတဲ့ အမျိုးပေါ့။ ဒါပေမယ့် သူကကောင်းကင်ထဲ ပျံတတ်တယ်ကွဲ့။”
“မမှန်ဘူး”
“ဘာဖြစ်လို့လဲ”
“မနေ့က ဘေးအိမ်ခန်းက အန်တီကို ဖေဖေကတင်ပါးဆုံကို လက်နဲ့ပုတ်ပြီး မင်းဟာ နတ်မိမယ်ပဲလို့ ပြောတယ်။ ဒါပေမယ့် သူက မပျံတတ်ဘူးဗျ။”


စိတ်ချရအောင်

ဘီယာဘားတွင် ဘဏ်ဝန်ထမ်းနှစ်ဦး စကားပြောနေကြသည်။
“မီးခံသေတ္တာထဲက ငွေတွေ၊ စိန်ရွှေရတနာတွေကို သူခိုးယူယွားတာ ငါနားလည်နိုင်ပါတယ်၊ ဒါပေမယ့် ဘဏ်အုပ်ချုပ်ရေးမှူးရဲ့ မိန်းမကိုပါ ငါခိုးသွားတာကိုတော့ နားမလည်နိုင်ဘူး။”
“အရှင်းကြီးပဲ၊ သူ့ကို ဘဏ်အုပ်ချုပ်ရေးမှူးမရှာအောင် ပေါ့ကွာ”


အကျင့်

“ဟိုငနဲ့ဟာ ဘာဖြစ်လို့ တစ်ပွဲပြီးတိုင်း သူနဲ့တွဲကတဲ့ အမျိုးသမီးရဲ့တင်ပါးဆုံကို လက်နဲ့ပွတ်ရတာလဲကွ”
“အော် ဒါလား။ ဒီငနဲက နာမည်ကြီးဖေါက်ထွင်းရေးသမားလေ၊ သွားလေရာမှာ သူ့ရဲ့လက်ဗွေရာ မကျန် အောင် သုတ်ပစ်တဲ့ အကျင့်ပါနေတာလေ”


လူမှန်ရင် ကြောက်တာချည်းပဲ

ညဥ့်အချိန်တွင် သင်္ချိုင်းဘေးမှ အမျိုးသမီးငယ်တစ်ဦးဖြတ်လျှောက်သွားသည်။ ၎င်း၏နောက်မှ လူရိပ်တစ်ခု လိုက်လာပြီး သူမကိုမှီလာသည်။
“ကြောက်သလား”
ဘေးက အမည်မသိလူက မေးလိုက်သည်။
“ကြောက်တာပေါ့ရှင့်”
“အင်း ကျွန်တော်လဲ အသက်ရှင်တုန်းက ကြောက်ခဲ့တာပဲ”


အစပိုင်းမှာ ဒီလိုပဲ

ခွေးကို နောက်ခြေနှစ်ချောင်းနှင့် ရပ်တတ်ရန် မိန်းမဖြစ်သူသင်ပေးနေသည်ကို ကြည့်၍ ယောက်ျားဖြစ်သူက သဘောမကျသော လေသံဖြင့် ပြောသည်။
“ဟေ့ ကြိုးစားပြီး သင်ပေးမနေနဲ့၊ ဒီကောင်က ခေါင်းမာတဲ့အကောင်၊ လိုက်လုပ်မှာ မဟုတ်ဘူး”
“ရှင် ဘာမှဝင်မစွက်နဲ့၊ ရှင်လဲ အစတုန်းက ကျွန်မစကားကို ဘယ်မှာနားထောင်လို့လဲ”။


ကျေးဇူးပဲ

ကိုမြသည် ကပ်ရက်ခြံမှ ကိုဘလှကို လှမ်းအော်ပြောလိုက်သည်။
“ဟေ့ ကိုဘ၊ ခင်ဗျားခွေးက ကျုပ်မွေးထားတဲ့ ကြက်ဖကို ကိုက်စားလိုက်ပါပကောဗျာ”
“ခင်ဗျား သတင်းပေးတဲ့အတွက် ကျေးဇူးပဲ၊ ဒီကောင့်ကို ညနေစာ ကျွေးစရာ မလိုတော့ဘူး”

December 3, 2007

ဟာသများ

မမေ့ရက်ဘူး အချစ်ဦးရယ်

ရည်းစားပစ်သွားလို့ သိပ်စိတ်ညစ်နေရှာတဲ့ သူငယ်ချင်းကို ခုလိုနှစ်သိမ့်ခဲ့ပါတယ်။
“သိပ်လည်း ပူဆွေးသောက ရောက်မနေပါနဲ့ကွာ၊ သူကမင်းကို မချစ်လို့ ခုလို စောစောစီးစီး လမ်းခွဲသွား
တော့လည်း ကံကောင်းတာပေါ့။ လက်ထပ်ပြီးမှ ကွဲသွားရင် ပိုဆိုးမှာ မဟုတ်လား”
“ငါတော့ သူ့ကို ဒီနှစ်တစ်နှစ်လုံး နည်းနည်းမှ မေ့လို့ရမှာ မဟုတ်ဘူးကွာ”
ဒါက မင်းရဲ့ထင်မြင်ချက်ပါကွာ၊ လက်တွေ့ကျတော့ မကြာခင်မှာပဲ မင်း သူ့ကို မေ့ပစ်နိုင်မှာပါ”
“ဒီလိုကွာ၊ ငါသူ့ကို ၀ယ်ပေးထားတဲ့ ပစ္စည်းတွေက အများကြီးကွ၊ အဲဒီပစ္စည်းတွေကို တစ်နှစ်အတွင်း ကြေအောင်ဆပ်ပါ့မယ်လို့ ကတိပေးထားတာ၊ အဲဒီအကြွေးတွေကို လစဉ်ဆပ်ဖို့ ငါကြိုးစားရဦးမှာ”



ကျုပ်က ပိုသေချာပါတယ်
ဆရာဝန်။ ။ “အင်း….. ခင်ဗျားရောဂါက နမိုးနီးယားပဲဗျ”
လူနာ။ ။ “သေချာရဲ့လား ဆရာရယ်၊ ဟိုတလောက ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကို နမိုးနီး ယားဆိုပြီး ဟိုဘက် ခန်းက ဆရာဝန်ကုလိုက်တာ အဲဒီလူနာကသေတော့ ငှက်ဖျားရောဂါနဲ့ သေတာဗျ”
ဆရာဝန်။ ။ “အင်း….. ဒါတော့ မစိုးရိမ်ပါနဲ့ဗျာ၊ ကျုပ်က ပိုပြီးသေချာတဲ့လူပါ၊ ကျုပ်ကသာ နမိုးနီးယားလို့ ဆုံးဖြတ်ထားရင် အဲဒီလူ နမိုးနီးယားနဲ့ပဲ သေမှာပါ ဒါတော့ စိတ်ချကိုယ့်လူ”


သူမပြောတဲ့ စကား

“မင်းဘေးမှာ ငါထိုင်ပြီး စကားပြောနေခဲ့တာ တစ်နာရီမကတော့ဘူး။ ခုထက်ထိ မင်းဆီက စကား တစ်ခွန်းမှ တုန့်ပြန်မပြောသေးဘူး၊ ကဲ ဒါဆိုလည်း ကိုယ်ပြန်ပါတော့မယ်၊ နောက်ဆုံး ခင်မင်မှုအထိမ်းအမှတ်နဲ့ စကားလေး တစ်ခွန်းလောက်တော့ ပြောစမ်းပါ”
“ရှင်ထိုင်နေတဲ့ ကုလားထိုင်က စောစောကမှ ဆေးသုတ်ထားတာရှင့်”


သေဖို့တောင် မကြံသေးဘူး ဟန်ရေးက ပြင်ပြီ

နာတာရှည်ရောဂါဝေဒနာနဲ့ မသက်မသာ ခံစားနေရတဲ့ လင်ယောက်ျားကို မယားဖြစ်သူအားပေးနေ ပါတယ်။
“မောင်….. အားမငယ်နဲ့နော် ကျွန်မရှင့်ကို ပြုစုလာခဲ့တာ ဘယ်လောက်ကြာပြီလဲ။ မကြာခင်မှာ ပျောက် သွားမှာပါ”
“ရောဂါက မသက်သာဘူး မိန်းမရယ်”
“ဒါဆို ကျွန်မဘာလုပ်ပေးရမလဲ ဟင်”
“စောစောက မီးဖိုချောင်က ကြက်သားနံ့ရတယ်ကွာ၊ အဲဒါနည်းနည်းလောက် စားချင်လို့”
“အို….. အဲဒါ ဟိုလူ့ဖို့တော့်”


ဘ၀ပြောင်းသွားပြီ

“ဟေ့သူငယ် မင်းကျောင်းသားလား”
“ဟင့်အင်း ကျွန်တော်တက္ကသိုလ်တင်နေပြီ”
“အော် အော် ကျောင်းသားဘ၀ကကျော်လို့ ကျောင်းသူနား ရောက်သွားပြီကိုး”


ဖေဖေကော ဘယ်တော့လဲ

“မေမေ၊ သားတို့ဦးလေးကြီးကလေ ဟိုဘက်အိမ်က အန်တီလေးကို ဖက်နမ်းတာဗျ သိလား”
“နေပါစေ သားရယ်၊ သူတို့က လက်ထပ်တော့မှာပဲ”
“ဒါဆို သားတို့ဖေဖေရော အိမ်ဖော်ကောင်မလေးကို လက်ထပ်တော့မှာတဲ့လားဟင်”


ကြိုတင် သတိပေးချက်

“ဟဲလို မီးသတ်ဌာနကလား ခင်ဗျာ”
“ဟုတ်ပါတယ်ခင်ဗျာ ဘယ်မှာမီးလောင်လို့ပါလဲ”
ဒီလိုပါခင်ဗျာ ကျွန်တော့်အိမ်ရှေ့က ခြံထဲမှာ ငရုပ်နဲ့ ခရမ်းချဉ်ပင် စိုက်ထားတာ တော်တော်လေး အောင်မြင်ပါတယ်။ တစ်နေ့ရောင်းကြေးနှစ်ရာ့ငါးဆယ် သုံးရာလောက်ရပါတယ်”
“မိတ်ဆွေ ခင်ဗျားမှားနေပြီ၊ ဒါမီးသတ်ရုံးဗျ၊ စိုက်ပျိုးရေးဌာန မဟုတ်ဘူး”
“ဟုတ်ကဲ့ သိပါတယ်ခင်ဗျ၊ အခု ကျွန်တော့်အိမ်ဘေးမှာ မီးလောင်နေပါတယ်၊ ခင်ဗျားတို့လာပြီး မီးသတ်ရင် ကျွန်တော့်စိုက်ခင်းက အပင်တွေကို နင်းမိမှာစိုးလို့ပါ”


မောင့်လက်မှတ်လို့

“မောင်ရေ ကျွန်မရင်ဘတ်ကရင်ထိုးလေး ခါးပိုက်နှိုက်သွားပြီ ဒုက္ခပါပဲ”
“မင်းနှယ့်ကွာ လက်ကြီးတစ်ခုလုံးနဲ့ မင်းရင်ဘတ်လာနှိုက်တာ မင်းမသိဘူးလား”
“ကျွန်မက မောင့်လက်မှတ်လို့ ကြည့်နေလိုက်တာ”


အရေးကြီးတာ မေ့သွားတယ်

စိတ်လှုပ်ရှားနေသော လူငယ်စုံတွဲတစ်တွဲ စိန်ရွှေရတနာဆိုင်ထဲသို့ဝင်လာပြီး တန်ဖိုးကြီး နားကပ်များ၊ လက်ကောက်များကို အငမ်းမရကြည့်သည်။ လူငယ်သည် မိမိ၏အိတ်ထောင်ကို အလောတကြီးနှိုက်သည်။ ရှိသမျှအိတ်များကို နှိုက်သော်လည်း ရှာသည့်ပစ္စည်းကို မတွေ့ချေ၊ ထိုအခါ အမျိုးသမီးက ဆိုင်ရှင်ကို ပြောသည်။
ကိစ္စမရှိပါဘူး၊ ကျွန်မတို့နောက်တစ်ခေါက်လာခဲ့မယ်၊ ကျွန်မရဲ့ အမျိုးသားက ခြောက်လုံးပြူး ထည့်ယူ လာဖို့ မေ့သွားတယ်”



ကိုယ့်မိန်းမအကြောင်း ကိုယ်အသိဆုံးပါ


“ခင်ဗျားမိန်းမကို လူတစ်ယောက်နမ်းဖို့ကြိုးစာနေတာ ခုနကပဲ ကျွန်တော်တွေ့ခဲ့တယ်ဗျ”
“ဟုတ်လား၊ သူကြိုးစားတာအောင်မြင်သွားလား”
“ဟင့်အင်း”
“အဲဒါဆို ကျွန်တော့်မိန်းမ မဖြစ်နိုင်ဘူး”


ကာကွယ်ရေး ပစ္စည်း

လူရွယ်တစ်ဦး ဆေးဆိုင်သို့ ရောက်လာကာ အရောင်းသမကို တိုးတိုးပြောသည်၊ အမျိုးသမီးက ကျယ်ကျယ် ပြန်ပြောသည်။
“ဘာ ကာကွယ်ရေးပစ္စည်းလဲ၊ ကျွန်မတို့ဆိုင်က ဆေးဆိုင်ရှင့်၊ ကာကွယ်ရေး ၀န်းကြီးဌာန မဟုတ်ဘူး”


သုံးစရာရှိသုံးမှပေါ့

ယောက်ျားအပေါ် သစ္စာဖေါက်ရပုံအကြောင်းကို မိန်းမက ရှင်းပြနေသည်။
“ပိန်ချုံးပြီး ထမင်းဆာနေတဲ့ လူတစ်ယောက် ရောက်လာတယ်၊ ကျွန်မ သူ့ကို သနားသွားတယ်၊ ဒါနဲ့ သူ့ကို ရေချိုးခိုင်းပြီး အစာကျွေးလိုက်တယ်၊ အ၀တ်အစားလည်း ဆင်ပေးလိုက်တယ်။ သူက ကျေးဇူးတင် စကားပြောတယ်၊ တစ်ဆက်တည်းက အစ်မကြီးရဲ့ ယောက်ျား အသုံးမပြုတဲ့ ပစ္စည်းရှိသလားလို့ မေးတယ်။ အဲဒီမှာ ရှင်ကျွန်မရဲ့ ကိုယ်ခန္ဓာကို အသုံးမပြုတာ ကြာပြီပဲလို့ သတိရလိုက်တယ်”


နေကြပ်တဲ့နေ့

“သိပ္ပံပညာရှင်တွေဟာ ဘယ်လိုနည်းနဲ့ နေကြပ်တယ်ဆိုတာကို ကြိုသိကြသလဲ မသိဘူးနော်”
“ဘာလဲ၊ သူတို့ သတင်းစာ မဖတ်ဘူးထင်လို့လား”


ပြောတာကို နားထောင်မှပေါ့

စကားထစ်သူတစ်ဦးသည် ဆိုင်မှ ရေခဲသေတ္တာဝယ်သည်။ ဆိုင်မှ အလုပ်သမားက ရေခဲသေတ္တာကို ငါးထပ် တိုက်ပေါ်သို့ ထမ်းတင်သည်။ လှေခါးတစ်လျှောက်တက်စဉ် စကားထစ်သူက တစ်စုံတစ်ခုပြောရန် ကြိုးစားသည်။ အလုပ်သမားက နားမထောင်ဘဲ ပြန်ပြောသည်။
“အပေါ်ရောက်မှ ပြောဗျာ”
အပေါ်ဆုံးထပ်သို့ ရောက်လာသည်။
“ကိုင်း…..ဘာပြောချင်လို့လဲ၊ ပြော”
ကျွန်တော်တို့ ၀င်ပေါက်မှား…. မှားဝင်မိတယ်ဗျ”
အလုပ်သမားသည် ဆဲရေးတိုင်းထွာပြီး ရေခဲသေတ္တာကို လာခဲ့သော လှေခါးအတိုင်း ထမ်းပြီးပြန်ဆင် သည်၊ အဆင်းလမ်းတွင် စကားထစ်သူက စကားပြောရန် ကြိုးစားသည်၊ အောက်သို့ရောက်လာသည်။
“ဒီတစ်ခါဘာပြောဦးမလို့လဲ”
“ကျွန်တော် ကျီ…..ကျီစားတာပါ ခင်ဗျာ”


ပိန်ဆေး

“ကျွန်မ ဆရာပေးတဲ့ ပိန်ဆေးကို သောက်နေတာ ၂- လရှိပြီ၊ ပိန်လည်းမပိန်ပါလားရှင်”
“တစ်နေ့ကို ခင်ဗျား ဘယ်နှစ်ကြိမ်သောက်သလဲ”
ဆယ်ကြိမ်၊ ထမင်းစားပြီးတိုင်း တစ်ခါသောက်လို့ ဆရာပြောတဲ့အတိုင်းပဲလေ”


ငွေရတု

ပြင်သစ်ကုမ္ပဏီတစ်ခု၏ အုပ်ချုပ်ရေးမှူးသည် ၀န်ထမ်းများအားလုံးကို စုရုံးစေကာ အောက်ပါအတိုင်း ပြောသည်။
“လာမယ့်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ရဲ့ ကုမ္ပဏီဟာ ၂၅-နှစ် ပြည့်တော့မယ်၊ ဒီနှစ်ပတ် လည်နေ့ကို ကျွန်တော်တို့ ထိုက်ထိုက်တန်တန် ကျင်းပရမှာဖြစ်တယ်။ ဒါကြောင့် ဘယ်လိုကျင်းပရင် ကောင်းမလဲ ဆိုတာနဲ့ ပတ်သက်ပြီး အကြံဉာဏ်ပေးကြစေချင်ပါတယ်၊ ဒါပေမယ့် ဒီငွေရတုပွဲဟာ ပိုက်ဆံ အကုန်အကျ များလို့ မဖြစ်ဘူး၊ တစ်နိုင်ငံလုံးက ကုမ္ပဏီအကြောင်းကို ပြောစမှတ်ဖြစ်ရမယ်၊ ၀န်ထမ်းအားလုံးလည်း ကျေနပ်အားရဖြစ် စေရမယ်၊ ကိုင်း….. အကြံဉာဏ်များပေးကြပါ”
မိနစ်အနည်းငယ်အကြာတွင် အခန်းထောင့်တစ်နေရာမှ ၀န်ထမ်းတစ်ဦး နေရာမှ ထရပ်သည်။
“ကျွန်တော့်ဆီမှာ အကြံဉာဏ်တစ်ခုပေါ်လာပါတယ်”
“ပြောပါ”
“အီဖယ်လ်မျှော်စင်ကနေ အုပ်ချုပ်ရေးမှူးကြီး ခုန်ချပါ၊ ဒီအတွက် မျှော်စင်ပေါ်တက်ခ လက်မှတ်ဖိုးပဲ ကုန်ပါမယ်၊ ပြင်သစ်တစ်နိုင်ငံလုံးကလလည်း ခုန်ချတဲ့အကြောင်းနဲ့ ကျွန်တော်တို့ကုမ္ပဏီအကြောင်းကို ပြောကြ မှာ သေချာတယ်၊ အဲ ၀န်ထမ်းတွေရဲ့ ကျေနပ်အားရမှုကတော့ ဘယ်လိုမှမဖော်ပြတတ်အောင်ပါပဲ”


လက်ဖြောင့်တပ်သား

အမေရိကန်ဗိုလ်ချုပ်သည် ရှေ့တန်းစစ်မျက်နှာသို့ ရောက်လာသည်။ ရုတ်တရက် ရန်သူ့ဘက်မှ ပစ်လိုက်သော ကျည်ဆန်သည် ၎င်း၏စစ်ယူနီဖောင်းအကျီ င်္ကြယ်သီးကို ဖြတ်သွားသည်။ ကြောက်ကြောက်ဖြင့် ချက်ချင်းဆိုသ လို မြေကြီးပေါ်လှဲချလိုက်သည်။ ဘေးကိုကြည့်လိုက်သောအခါ စစ်သားများဘာမှမဖြစ်သလို ၀ိုင်းဖွဲ့၍ စကားပြော နေကြကသည်ကို တွေ့လိုက်ရသည်။ ဤအချိန်တွင် ဆာဂျင်တစ်ယောက်ပြေးလာသည်။ ဗိုလ်ချုပ်က အော်ပြောသည်။
“ဟေ့ ဆာဂျင်၊ ရန်သူ့စနိုက်ပါကို မင်းတို့ဘာဖြစ်လို့ မပစ်ချတာလဲ”
“ပစ်စရာမလိုဘူးထင်တယ် ဗိုလ်ချုပ်၊ သူ့ကိုပစ်ချလိုက်ရင် သူ့ထက်လက်ဖြောင့်တဲ့ ငနဲတစ်ယောက် ယောက်ကို ရန်သူက အစားထိုးနေရာချလိုက်ရင် မခက်ပေဘူးလား”


ကျီးစားတာပါ


စိတ်ရောဂါ အထူးကုဆေးရုံဝင်းထဲရှိ ပန်းခြံတွင် လူနာနှစ်ဦးလမ်းလျှောက်နေကြသည်။ ပန်းခြံထဲတွင်တွေ့သော ခွေးတစ်ကောင်အနားသို့ လူနာတစ်ယောက်က ကပ်သွားသည်။ ခွေးကိုပွတ်သက်ပြီး ပြောသည်။
“မင်္ဂလာပါ ဆင်မင်း”
နောက်တစ်ယောက်က ၎င်းကိုလက်တို့ခေါ်ပြီး တိုးတိုးပြောသည်။
“ဟေ့ကောင်၊ မင်းရူးနေသလား၊ ဆင်မှမဟုတ်တာ”
“ငါသိပါတယ်ကွ၊ ဒီမြင်းကို ငါတမင်ကျီစားတာပါ”


အချိန်စောင့်ပါ

တာဝန်ကျ ရဲသားတစ်ယောက်အနားသို့ ချာတိတ်တစ်ဦးရောက်လာပြီးမေးသည်။
“ဘယ်နှစ်နာရီရှိပြီလဲ ခင်ဗျာ”
ရဲသားက နာရီကို ကြည့်ပြီးဖြေသည်။
“နှစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်”
အဲ နှစ်နာရီတိတိထိုးရင် ကျုပ်ဆီလာပြီး ကျုပ်ရဲ့ ဖင်ကိုလာနမ်းလှည့်”
ဤစကားကိုပြောပြီး ချာတိတိ တစ်ဟုန်ထိုးပြေးတော့သည်။ ရဲသားက ၎င်း၏ နောက်ကိုလိုက်သည်။ လမ်းတွင် ရဲမှူးက ရဲသားကိုတားပြီးမေးသည်။
“ဟေ့ ဂျွန်၊ မင်းဘာဖြစ်လို့ပြေးနေတာလဲ”
ရဲသားက အကြောင်းရင်းကိုရှင်းပြသည်၊ ရဲမှူးကမိမိ၏နာရီကြည့်လိုက်သည်။
“မင်း ဘာဖြစ်လို့ပြေးမှာလဲ၊ မင်းဆီမှာ ဆယ့်ငါးမိနစ်တိတိအချိန်ရှိသေးတာပဲ”


ဒီဟာသတွေကိုတော့ ကျနော်သူငယ်ချင်းက ပို့ပေးလိုက်တာပါ။ ဒါပေမယ့် ဒီဟာသတွေကို ယူထားတဲ့ ၀ဘ်ဆိုက်ကို ကြည့်လို့မရလို့ ဖေါ်ပြ မထားတာကို တောင်းပန်းပါတယ်။

November 29, 2007

ထိုင်းနိုင်ငံမှာ ၂၀၀၇ ခုနှစ် သင်္ကြန်တုန်းက ဓါတ်ပုံများ

ဒီဓါတ်ပုံတွေကို ကျနော်သူငယ်ချင်းတစ်ယောက်က ပို့လိုက်တာပါ။ အဲဒါကြောင့် ကျနော်တင်ထားပေးတာပါ။ သူငယ်ချင်းရေ ဓါတ်ပုံပို့တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။










November 19, 2007

နှလုံးသား ဒဏ်ရာ

မောင်မြင့်အောင်

လူတွေ အလုပ်လုပ်ကြသည်။ တချို့က စားဝတ်နေရေး အတွက်၊ တချို့က မော်တော်ကား မော်ဒယ်အနိမ့်က အမြင့်စီးဖို့ အတွက်၊ တချို့က ဂုဏ်သိက္ခာ အတွက်၊ တချို့က ဖွက်ထားတဲ့ မိန်းမအတွက်၊ တချို့က ကြွေးဟောင်း ဆပ်ဖို့အတွက်။ သို့သော် အများစုကတော့ အစာအိမ်ခွဲတမ်းအတွက် သာဖြစ်သည်။

ထိုအခါ အလုပ်သို့ သွားရန် သယ်ယူပို့ဆောင်ရေးယာဉ်ကို အသုံးပြုရသည်။ တချို့က ကိုယ်ပိုင်ကားကို သုံးသလို တချို့က “က-က” ကို ငှားစီးသည်။ တချို့က မြန်မာ့ မီးရထားကို မိတ်ဆွေဖွဲ့သည်။ သို့သော် အများစုကတော့ “ချောင်သည်” ဆိုတာကို အိပ်မက်ထဲမှာပင် မတွေ့နိုင်သော လိုင်းကားများကို အားကိုးကြသည်။ ကျွန်တော်လည်း “လိုင်းကားချစ်သူ” တစ်ယောက်ဖြစ်သည်။

စာမျက်နှာပေါ်ကို ဘ၀တွေရောက်လာဖို့အတွက် နေရာဒေသအသီးသီးမှ ကူးခတ်လာခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဘ၀တွေရှိသည်။ လမ်းပေါ်မှာဘ၀တွေရှိသည်။ စတိုးဆိုင်ထဲမှာ ဘ၀တွေ ရှိသည်။ ကုမ္ပဏီရုံးခန်းမှောင်မှောင်လေးထဲမှာ ဘ၀တွေရှိသည်။ ထို့အတူ ကျနော်လည်း နေ့တိုင်း ဆက်ဆံ ပေါင်းသင်းနေရသော လိုင်းကားပေါ်မှာလည်း ဘ၀တွေရှိနေခြင်းပင်ဖြစ်သည်။

မြို့သစ်လေးမှာ ဧည့်စာရင်းတိုင်စရာမလိုလဲ သန်းခေါင်စာရင်းနှင့် မိသားစုဓါတ်ပုံနှင့်နေသော ကျွန်တော်၏ လိပ်စာနှင့် ကျွန်တော် အလုပ်ဆင်းရသည့်နေရာမှာ ဝေးသည်။ လိုင်းကားစီးလျှင် မိနစ် “၆၀” လောက် အချိန်ပေးရသည်။ ထိုအခါ လိုင်းကားပေါ်မှာ ဘ၀စာမျက်နှာ တွေကို ဖတ်ရသလို စိတ်ချယ်နယ်တချို့ကိုလည်း ခံစားနိုင်လေသည်။

အလုပ်သို့ အနည်းငယ်နောက်ကျသော နေ့မှာဖြစ်သည်။ ထိုနေ့က ကားမှာ လူမချောင်သော်လည်း စိတ်ပျက်စရာ ကောင်းလောက်အောင် မကျပ်ခဲ့ပေ။ ကျွန်တော်နှင့် အသက် “၆၀” ကျော် အဘွားအိုတစ်ဦး ကားပေါ်တက်လိုက်သည်နှင့် အနီးမှ လူတစ်ယောက်က “ဒီမှာ လာထိုင်ပါ” ဟု ဆိုသလို အသက် “၁၂” နှစ်ဝန်းကျင် ကျောင်းသူလေးတစ်ယောက်ကလည်း “အဘွား ဒီမှာလာထိုင်ပါ” ဟု ဆိုကာ ချက်ချင်းနေရာ ထပေး၏။ တစ်ပြိုင်နက်တည်း နေရာထပေးကြသဖြင့် အဘွားအိုက သူနှင့်နီးသည့်လူတစ်ယောက် ထပေးသည့် နေရာမှာ ၀င်ထိုင်လိုက်၏။

ထို့ကြောင့် ကျောင်းသူလေးက သူ့နေရာကို ပြန်ထိုင်မည်ပြုစဉ် “၅၀” လောက်ရှိမည့် မိန်းမကြီး တစ်ယောက်က အတင်းဝင်ထိုင်လိုက်လေသည်။

“အန်တီ အဲဒါ သမီးနေရာ ပြန်ဖယ်ပေးပါ”
“အို နင်ပိုင်တဲ့ နေရာမှ မဟုတ်တာ၊ လိုင်းကားပဲ ဘယ်သူဖြစ်ဖြစ် လွတ်ရင် ၀င်ထိုင်မှာပေါ့”
ကျွန်တော် ထိုမြင်ကွင်းကို ကြည့်ပြီးစိတ်မကောင်း ဖြစ်မိသည်။ လူကြီးမပီသသည့် ထိုမိန်းမကြီးကိုလည်း စိတ်ပျက်မိသည်။

“အန်တီ ဒီတစ်နေရာရဖို့ သမီး အချိန်ကုန်ခံပြီး ပတ်စီးလာတာ၊ အခုလို မတရားမလုပ်ပါနဲ့”
“အို ထမပေးနိုင်ဘူး ညည်းထလို့ ငါဝင်ထိုင်တာ”
“မညစ်ပါနဲ့ အန်တီ”

မည်သို့ပင်ဖြစ်စေ ထိုမိန်းမကတော့ သူ့ဆုံးဖြတ်ချက်ကို မပြင်တော့ပေ။

ကျောင်းသူလေးကလည်း ကျောက်ခဲကို ရေမညှစ်ချင်တော့သည့်အလား သူ၏ မှန်ကန်မှုအတွက် တိုက်ပွဲမ၀င်တော့ပေ။ အဝေးမှာ သွားရပ်နေလိုက်၏။

ကျွန်တော်ကတော့ သက်ကြီးရွယ်အိုကို စာနာစိတ်ရှိသည့် ထိုကျောင်းသူလေးအတွက်သာ စိတ်မကောင်းဖြစ်နေမိသည်။ ထို့အတူ တစ်ခုတော့ စိုးရိမ်မိသည်။

ယနေ့ တစိမ့်စိမ့်ခံစားရင်း လွဲမှားသည့် ပုံသေးနည်းတစ်ခုကို နုနယ်သည့် သူ့နှလုံးသားပေါ်မှာ အသား တံဆိပ်ရိုက်နှိပ်ထားလိုက်မိမှာ ကိုပင်ဖြစ်သည်။


မှတ်ချက်
ဒီအတိုဆုံး ၀တ္ထုစာတွဲကို(မဟေသီ အမှတ် ၂၇၅၊ နိုဝင်ဘာ၊ ၂၀၀၇ ခုနှစ်)ယူထားတာပါ။