အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

September 10, 2012

မဂ္ဂါဝပ်နှင့် လူရှစ်ထောင်ကျော်တို့၏ အနာဂတ်


သတင်း ဆောင်းပါး - မင်းထက်စံ

မြို့တော် သက်တမ်း ခြောက်နှစ်ကျော် လာပြီဖြစ်သော နေပြည်တော်၏ အရှေ့ဘက် မိုင် ၃၇ မိုင်ခန့် (၆၀ ကီလိုမီတာ) အကွာတွင် ‘လျှပ်စစ်စွမ်းအားဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ဆီသို့’ ဟူသော အပြာရောင် စာတမ်းကြီးကို ထင်ရှားစွာ တွေ့မြင်ရမည် ဖြစ်သည်။ ကွန်ကရစ် ကျောက်နံရံကြီးများကိုလည်း အခိုင်အမာ တည်ဆောက်ထားသည်။


ထိုနေရာမှာ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း ပေါင်းလောင်း မြစ်၏ မြစ်ညာပိုင်းဒေသတွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၄၀ ထုတ်လုပ်နိုင်ရန် တည်ဆောက်နေသော အထက် ပေါင်းလောင်းဆည်ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံဖြစ်သည်။ အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၆ ခုနှစ်တွင် စတင်တိုင်းတာ တည်ဆောက်ခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံအခြေစိုက် AF Group နှင့် ဆက်နွှယ်နေသော AF- Colenco က ဆောက်လုပ် ရေးစီမံကိန်း နည်းပညာဒီဇိုင်းကို ရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် စက်ယန္တရား သွင်းကုန်၊ ထုတ်ကုန် ကုမ္ပဏီ (YMEC) က ထောက်ပံ့ခြင်း ဖြစ်ကာ ဂျာမနီနိုင်ငံ FOSCE Consulting Engineers က အကြံပေး လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်အပြင် ဗြိတိန်ကုမ္ပဏီ တစ်ခုကလည်း အကောင်အထည်ဖော် လုပ်ဆောင် ပေးနေသည်။

လက်ရှိ အနေအထားတွင် ဆည်တည်ဆောက်မှုမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေကာ ကွန်ကရစ် အမျိုးအစား ဖြစ်ပြီး ရေလှောင်တမံများကို အမြင့် ၂၅ ပေကျော် တည်ဆောက်ထားပြီး လာမည့် ၂၀၁၃ တွင် ရေများ စတင် သိုလှောင်တော့ မည်ဖြစ်ကြောင်း ယင်းစီမံကိန်း အချက်အလက်များအရ သိရသည်။

ယင်း ရေလှောင်တမံ၏ ရေသိုလှောင် နိုင်သော ဧရိယာမှာ ၆၁ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး ပတ်ဝန်းကျင်အနီး တစ်ဝိုက်ရှိ ရွာပေါင်း ၂၃ ရွာ ကို ရေဖုံးလွှမ်း သွားမည်ဖြစ်ကြောင်း ယင်းစီမံကိန်း အချက်အလက်များတွင် ဖော်ပြထားသည်။ “ပြောင်းရွှေ့ရတဲ့အတွက် တစ်အိမ်ထောင်ကို ငါးသောင်း(ကျပ်) ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ တရားဝင်အကြောင်း ကြားတာတော့ မရှိသေးပါဘူး”ဟု ရေလွှမ်းခံရမည့် ရွာကြီးကျေးရွာမှ ဦးမောင်ဌေးက ဆိုသည်။

ရေလွှမ်းခံရမည့် ၂၃ ရွာတွင် ရေစတင်လွှမ်းမည့်နေရာမှာ ရွာကြီးကျေးရွာ ဖြစ်ပြီး အိမ်ထောင်စု ၁၁၆ ခုရှိကာ အများစုမှာ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကိုသာ လုပ်ကိုင်ကြသည်။ အဆိုပါ ရေလွှမ်းခံရမည့် ဧရိယာတွင် အိမ်ထောင်စု သုံးထောင်ကျော် (ရွာ ၂၃ ရွာ) ၏ အသက်မွေးဝမ်းကျောင်း ပြုနေသော လယ်မြေဧက ခြောက်ထောင် ဝန်းကျင်ရှိကြောင်း ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့၏ ကောက်ယူထားသော စာရင်းများအရ သိရသည်။ “ဆည်တည်ဆောက်တဲ့အတွက် ထိခိုက်နစ်နာမှုတွေ နိုင်ငံတော် သမ္မတရုံးကိုလည်း စာတင်ထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ပေးပို့ ထားပါတယ်” ဟု ကယန်းမျိုးဆက်သစ်လူငယ်မှ ဦးလူစီငြိမ်းကဆိုသည်။ လက်ရှိ ပေါင်းလောင်း ဆည်တည်ဆောက်မှုသည် အဆောက်အအုံများ တည်ဆောက် ပြီးစီးသွားပြီ ဖြစ်ပြီး ရေလှောင်ရန် အတွက် ဆည်ပိတ်ရန်သာ ကျန်ရှိသဖြင့် လာမည့် ၂၀၁၃ တွင် ရေသိုလှောင်တော့မည်ဖြစ်ကြောင်း ၎င်းက ယင်းဆည်တည်ဆောက်မှု အခြေအနေကို ရှင်းပြသည်။

အဆိုပါ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်မှု ပြီးစီးသွားပါက ရရှိလာမည့် လျှပ်စစ်မီးကို ပြောင်းရွှေ့ရမည့် ဒေသခံများအတွက် မည်မျှသုံးစွဲခွင့်ရမည်ကိုမူ ၎င်းတို့ အနေဖြင့် မသိရှိကြပေ။ ကမ္ဘာ့ဆည်များဆိုင်ရာကော်မရှင်အဖွဲ့ (The World Commission on Dams)က အကြံပြု ထားသည်မှာ နယ်ခံကျေးရွာများသည် ဆည်တည်ဆောက် ရေးစီမံကိန်း၏ အကျိုးကျေးဇူးများကို ဦးဦးဖျားဖျား ခံစားရသူများ ဖြစ်ရမည် ဖြစ်သည့်အပြင် ၎င်းတို့၏ လူနေမှု အဆင့်အတန်းကို နဂိုမူလအဆင့်အတန်းအတိုင်း ထိန်းသိမ်း ပေးရမည်သာမက ပို၍ပင် တိုးတက် ကောင်းမွန် စေရမည်ဟူ၍ ဖြစ်သည်။

သို့သော် ရေလွှမ်းခံရမည့် အိမ်ထောင်စုများမှာ အိမ်ဖျက်ရမည့် ကုန်ကျစရိတ်ပင် မရှိသော ငွေကျပ်ငါးသောင်းသာ ရရှိမည်ဟု တာဝန်ရှိသူများက ပြောဆိုထားပြီး ရွှေ့ပြောင်း နေထိုင်ရမည့် သတ်မှတ်နေရာမှာလည်း တောင်ကမ်းပါးယံကို မြေထိုးထားသည့် နေရာဖြစ် သည့်အတွက် စိုက်ပျိုးရေး လုပ်ငန်းလုပ်နိုင်သည့်နေရာ မရှိကြောင်း ရေလွှမ်းခံရမည့် သပြေကုန်း ကျေးရွာမှ ဦးသက်နိုင်က ပြောကြားသည်။

“မိသားစု စားဝတ်နေရေးအတွက် ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး။ ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ စဉ်းစားနေရတယ်” ဟု ၎င်းကဆိုသည်။ အဆိုပါ ရေလွှမ်းခံရမည့် ပေါင်းလောင်း မြစ်ဝှမ်းဒေသတွင် အဓိကနေထိုင်သော တိုင်းရင်းသားများမှာ ကယန်း၊ ပအိုဝ့်၊ မြန်မာလူမျိုးများ နေထိုင်ကြပြီး လယ်မြေစပါး စိုက်ပျိုးသည့်အပြင် ကိုင်းမြေများတွင် မြေပဲ၊ နနွင်းနှင့်ငှက်ပျော၊ ငရုတ်နှင့် လက်ဖက်တို့ကို အဓိက စိုက်ပျိုးကြကြောင်း ဒေသခံတို့၏ အဆိုအရ သိရသည်။

နိုင်ငံတော်အစိုးရအနေနှင့် အထက် ပေါင်းလောင်း ဆည်စီမံကိန်းနှင့် ပတ်သက်၍ အများပြည်သူအပေါ် ဆိုးကျိုးသက် ရောက်မှုဆိုင်ရာ အကဲဖြတ်ချက်များ (Public Inpact Assessment) ကို မည်သည့်အဖွဲ့အစည်းက ဆောင်ရွက်ထားသည်ကို တရားဝင် ထုတ်ပြန်ခြင်း မရှိပေ။ ဆည်တမံများ တည်ဆောက်ရာတွင် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အစီရင်ခံစာ (EIA) နှင့် လူမှုအပေါ် အကျိုးသက်ရောက်မှု အစီရင်ခံစာတို့သည် တိကျပွင့်လင်းမှုရှိရန် လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးအုန်းက မှတ်ချက် ပေးသည်။ “EIA,SIA ကို သေချာ မတွက်ချက်ထားရင် နောက်ပိုင်း ဆိုးကျိုးခံရမှာ ပြည်သူတွေပဲ။ အဲဒီအချိန်ကျရင် ဘာမှ လုပ်လို့ မရတော့ဘူး” ဟု ၎င်းကဆိုသည်။ အဆိုပါ ဆည်စီမံကိန်း တစ်ဝိုက်တွင် ၂၀၀၉ ခုနှစ် ဝန်းကျင်၌ စက်ယန္တရားများဖြင့် စတင် လုပ်ကိုင်လာသည့်အပြင် သစ်ခုတ်ခြင်းလည်း များလာကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

လက်ရှိ အနေအထားတွင် ယင်းဒေသအတွင်း နေထိုင်သော ဒေသခံများမှာ စားဝတ်နေရေးအတွက် ငါးဖမ်းရာတွင် ငါးများ ရှားပါးလာကြောင်း ၎င်းတို့က ပြောကြားသည်။

အထက် ပေါင်းလောင်းဆည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဖြစ်သော်လည်း ရရှိမည့် အကျိုးအမြတ် တစ်ခုတည်းအတွက် မဟုတ်ဘဲ ကျေးရွာ ၂၃ ရွာ၏ ပြည်သူလူထုအတွက်ပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က အကြံပြု ပြောကြားသည်။

သို့သော် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည်လည်း ရန်ကုန်၊ မန္တလေး၊ မုံရွာတို့တွင် ဖယောင်းတိုင်ထွန်း ဆန္ဒပြခဲ့သည်က သက်သေပြနေသည်။

လက်ရှိတွင် နိုင်ငံတော်က တည်ဆောက်လျက်ရှိသော ရေအားလျှပ်စစ် စီမံကိန်း ၁၆ ခုရှိပြီး ၂၀၁၀-၂၀၁၁ ခုနှစ် အတွင်းလေးခု၊ ၂၀၁၁ ခုနှစ်အတွင်း ငါးခု၊ ၂၀၁၂ ခုနှစ်အတွင်း သုံးခု၊ ၂၀၁၅ ခုနှစ်အတွင်း တစ်ခုနှင့် ၂၀၁၅ ခုနှစ် နောက်ပိုင်း ပြီးစီးသည့် စီမံကိန်း သုံးခုတို့ ရှိသည်ဟု နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြခဲ့သည်။ ရေ အရင်းအမြစ်များကို အခြေခံ၍ စီမံကိန်းများ အကောင်အထည် ဖော်နိုင်သည့် အရေအတွက်မှာ ၉၀ ကျော်ရှိပြီး ယင်းစီမံကိန်းများမှာ စက်တပ်ဆင်အား မဂ္ဂါဝပ် ၄၆၀၀၀ ကျော် ထုတ်ယူရရှိနိုင် မည်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။ သို့သော် လက်ရှိအချိန်ထိ မြန်မာနိုင်ငံသူ နိုင်ငံသားများမှာ လျှပ်စစ်မီး အလုံအလောက် ရရှိခြင်းမရှိသော်လည်း ရရှိလာမည့် လျှပ်စစ်ဓာတ်အား စီမံကိန်းအများစုမှာလည်း အိမ်နီးချင်းနိုင်ငံမှ ဝယ်ယူကြမည့် စီမံကိန်းများ ဖြစ်နေသည်။

အထက်ပေါင်းလောင်း ဆည်ရေအား လျှပ်စစ်စီမံကိန်းမှ ရရှိလာသော လျှပ်စစ်ဓာတ်အားကိုမူ မြို့တော် နေပြည်တော်တွင် အသုံးပြုရန် ဖြစ်ကြောင်း သက်ဆိုင်ရာ အရာရှိများ၏ ပြောဆိုချက်ကို ကိုးကားကာ ဒေသခံများက ပြောကြားသည်။ လျှပ်စစ်ဝန်ကြီး ဌာနကမူ သတင်းထုတ်ပြန်ခြင်း မရှိပေ။ ယင်းရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၅ တွင် အပြီးသတ်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်မည် ဖြစ်ကြောင်း ယင်းစီမံကိန်း အချက်အလက်များအရ သိရသည်။ အဆိုပါ စီမံကိန်း ပြီးစီးသွားပါက ဆည်ဆောက်လုပ်ခြင်း၏ အကျိုးကျေးဇူး တစ်ရပ်ကို တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု သင်္ကေတအဖြစ် တွေ့မြင်ကြရတော့မည် ဖြစ်သည်။

ထိုအချိန်တွင် ‘လျှပ်စစ်စွမ်းအားဖြင့် ခေတ်မီသော နိုင်ငံတော်သစ်ဆီသို့’ စာတမ်းကြီးသည် ခံ့ခံ့ထည်ထည် တွေ့မြင်ရမည် ဖြစ်သကဲ့သို့ ယခင်က စိမ်းလန်း စိုပြည်ခဲ့သော ဥယျာဉ်မြေ၊ လယ်မြေဧက ထောင်ပေါင်းများစွာနှင့် လူရှစ်ထောင် ကျော်တို့၏ နေအိမ်တို့ အနာဂတ်မှာမူ ဆုံးရှုံးရပေတော့မည်ဟု ကယန်း မျိုးဆက် သစ်လူငယ်တို့က ပြောဆိုကြသည်။

The Voice မှ ကူးယူဖေါ်ပြ။  

0 ဝေဖန်ပေးပြီးပြီ: