အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

December 11, 2007

ဇာတ်ဝင်တေးများပါသော မစန္ဒာဝတ္ထု

ဏေလင်းထွဏ်း

ခုံမင်ခဲ့ဖူးတဲ့ အနမ်းတွေလည်း.... မစန္ဒာ၊ ငါ အခါတစ်သန်း အနမ်းတွေ ပေးချင်နေသေးတယ်ကွယ်။

တို့ချိန်းတွေ့တိုင်း လာချောင်းချောင်းကြည့်နေတတ်တဲ့ ငှက်ကလေးတွေတောင် စုံတွဲတွေ ဘာတွေ ဖြစ်နေကြပြီကွဲ့။

သူများကို အားကျမိတယ် အချစ်ကလေးရယ်။ ငှက်၊ ငှက်။ မင်းပဲပြောခဲ့တယ်လေ ‘ဆင်းရဲတဲ့ ဒဏ်ကိုလည်း ခံနိုင်ပါတယ်’ ဆို။ အခုမှ ‘ကျွန်မ ဟင်းကောင်းကြိုက်တတ်တယ်ရှင့်’ တဲ့လား။ သွားပြီ၊ မရှိတော့ဘူး။

ငါးနှစ်လား။ ငါးနှစ်တောင်မှလား။ ငါးနှစ်ကြီးများ တောင်မှလား။
အောင်မယ်လေး မစန္ဒာရယ်။ ငါ အသည်းကွဲသီချင်းသစ် မဆိုချင်ပါဘူး။

ချဲဒိုင်တွေကတော့ ထွက်ပြေးကုန်ကြပြီ မစန္ဒာ။ ပေါက်ဂဏန်းပါတဲ့ ဘောက်ချာတွေကိုင်ပြီး စိတ်ညစ်နေ ကြရတာပေါ့။ ငါ တောင်းပန်ပါတယ် မစန္ဒာ။ နင် ငါ့ကို ‘အတည်’ တွေ၊ ‘တွတ်’ တွေ မပေးဘဲနဲ့ ထွက်ပြေး မသွားပါနဲ့။ နင့်ကိုရဖို့ ငါးနှစ်ကြီးများတောင် မူးစုပဲစုနဲ့။ ငါဆက်ပြီး မအောင့်နိုင်တော့ဘူး။

အဲဒါနဲ့ပဲ တစ်ခါတုန်းက တို့ရွာမှာ သဘောကောင်းပြီး ဆင်းရဲတဲ့ ဘာဖြစ်တဲ့၊ ညာဖြစ်တဲ့ ခေတ်ဟောင်းတေးကြီး ငါက ပြန်ဆိုရဦးမယ်။

စိတ်ညစ်တဲ့အထဲမှာ အဲဒါတွေပါတယ် မစန္ဒာ။

အေးပေါ့လေ။ နင်က ဆင်ပေါ်က အဲ စင်ပေါ်ကဆိုတော့ ငါ့ရဲ့ နှလုံးသားထဲ မျက်ရည်ကျနေတဲ့ အဖြစ်ကို ပြုံးစိစိ ပြက်ရယ်ပြုနိုင်ပြီပေါ့။

အိုဝို့ အနာဂတ်နေ့တွေ အရောင်လွင့်ခဲ့ပြီ။

အိမ်မက်မြစ်တွေ ခြောက်ခန်းသွားရင်တော့ အိပ်မက်ချောင်းတွေ ငါထပ်မံတူးဖော်ရလိမ့်မယ်။ အချစ်ရေ၊ မစန္ဒာ လေးရေ၊ တို့ဘ၀ရှေ့ရေး ဖြောင့်ဖြူးသာယာဖို့အတွက် နင်တစ်ခါတည်း လုပ်အားပေးလိုက်ခဲ့လှည့်ကွဲ့။

ငါပိုလီယိုကာကွယ်ဆေး နှစ်စက်မသောက်ရရင် နေပါစေ မစန္ဒာ။

နင်ရဲ့ ဖက်ခေါင်းအုံးလှလှ နေရာလေးကိုသာ ငါ ရွရွကလေး ၀င်လာပါရစေတော့။ သုံးသီးစား လယ်ဧကတွေ တောင် အလုပ်ဖြစ်ကုန်ကြပြီ မစန္ဒာ။

မှောင်ရီဝေ ၀ိုးတ၀ါး ကြယ်တွေ့မစုံတဲ့ည။

လေဖိအားနည်းတဲ့ လကမ္ဘာပေါ်သွားနေရရင် ရင်ထဲက အောင့်သက်သက် အချစ်ဝေဒနာတွေ ပေါ့ပါးသွား မလားပဲ။ ဒါပေမယ့် ငါ မီးပုံးပျံကောင်းကောင်း မလုပ်တတ်သေးတာ ခက်တယ်ကွယ်။ သီတင်းကျွတ်တာနဲ့ သူများလုပ်ပြီးသား မီးပုံးပျံကိုငှား၊ နင့်ကို မရအရခေါ်တင်ပြီး တစ်ခါတည်း ခိုးပြေးရရင် ကောင်းမလား။ ဒါလည်း မဖြစ်သေးပါဘူးလေ။ လကမ္ဘာပေါ်ဆိုတာက မိုတယ်တွေ၊ အင်းတွေရှိသေးတာ မဟုတ်ဘူး။ မစန္ဒာလေး အနေအစား ဆင်းရဲရင် ဒုက္ခ။

“အတွေးတွေ ရှုပ်ရင်း ရှင်းမရပါလား အ၀ု”

ယုံပါ မစန္ဒာ။ နင့်အချစ်ကို ရရှိပြီးသား ငါ နင့်ကိုသာ ထပ်မံရရှိဦးမယ်ဆိုရင် ထမင်းမစားဘဲ ဘယ်နှစ်ရက် နေရနေရ ငါနေပြပါ့မယ်။ (ဟမ္ဘာဂါ စားၿပီး)။ မော်တော်ပီကယ်ပေါတဲ့ လမ်းမှာ လူကူးမျဉ်းကျား မရှိတဲ့နေရာက ဖြတ်လျှောက်ပြဆိုရင်လည်း လျှောက်ပြပါ့မယ်။ (ဒဏ်ငွေ ၂၀၀ိ/-ဆောင်ပြီး)၊ မြန်မာခရီးသွားနှစ်ကို ရောက်လာတဲ့ ဧည့်သည်နိုင်ငံခြားသားတွေနဲ့ စကားပြောပြဆိုင်ရင်လည်း နင့်ရှေ့မှာ တင် ငါပြောပြပါ့မယ့်။ (တိုးရစ်ဂိုက်တစ်ယောက်ခေါ်ပြီး)။ တကယ်ပါ မစန္ဒာ။

“ဒါဆို နားလည်နိုင်မှာလား အချစ်လေး”

နင်ပြောသလိုသာ နင့်ကိုရဖို့ ငါးနှစ်ထပ်စောင့်နေရဦးမယ်ဆိုရင် သက္ကရာဇ်နှစ်ထောင်ကျော်မှ ငါမိန်းမရမှာဟ။ မဖြစ်သေးပါဘူးဟာ။ ကုန်ဈေးနှုန်းကို ငါဈေးမဆစ်တတ်ပေမယ့် အချစ်ကိုတော့ ငါဈေးဆစ်ပါရစေ မစန္ဒာ။ နည်းနည်းလောက် လျှော့ပါဟာ။ ငါ့အမေက ကလေးသိပ်ချစ်တာဟ။ ငါသိတယ်။ ငါပြောရင်ယုံ။

“သန်းခေါင်ယံ အချိန်ဆိုရောက်ရောက်လာတယ်။ မာရ်နတ်ဆိုးလား မင်း”

နင် တကယ်မသိပါဘူး။ ခုအချိန်မှာ ကမ္ဘာကြီး အမှန်တကယ် ပျက်စီးသွားရင် နင်ရောငါပါ သောက်ကျိုးနည်း ကုန်ကြရမှာ။

“ငါ့ အချစ်က အချစ်ကိုရှာခဲ့”

ဆေးဆိုင်တွေ စုံတကာစေ့အောင် လျှောက်ပြီး ငါဝယ်ချင်တဲ့ အိပ်မက်ကောင်းဆေး လိုက်ရှာသေးတယ်။ ဆိုင်တိုင်း ဆိုင်တိုင်းက မရှိဘူးချည်း ပြောပြောလွှတ်နေတယ်။ ဒါပေမယ့် ငါစိတ်မပူပါဘူး မစန္ဒာ။ ငါ့မေဂျာ ဘာသာရပ် ဓာတုဗေဒသင်ခန်းစာတွေထဲက ကလိုရိုဖောင်းဆိုတဲ့ လူကိုရယ်စေတတ်တဲ့ ဓါတ်ငွေ့တစ်မျိုးကို ဆေးထိုးအပ်ရှည်ရှည်သုံးပြီး ငါ့နှလုံးသားထဲကို ထိုးထည့်ဖို့ စီစဉ်ပြီးသွားပြီ။ ခက်တာက အဲဒီ ဓာတ်ငွေ့များ သွားရင် အတိတ်ဆိုတာကြီးကို လုံးလုံးမေ့သွားမှာတဲ့ဟ။ မစန္ဒာရယ်၊ နင့်ကိုပါ မေ့သွားရင် ဒုက္ခ။ ငါ အတိတ်မမေ့ ချင်ပါဘူး။

“ဘ၀သံသရာ ရှည်လျားထွေပြား”

နင်တစ်ခါပြောဖူးတဲ့ ‘ပစ္စည်းအသစ်တစ်ခုကို မြင်ရင်ရှိပြီးသား ပစ္စည်းကို မေ့သွားမှာ’ ဆိုတာ ငါ နင့်ကိုပစ်ပြီး အခြားတစ်ယောက်နဲ့ ကြိုက်သွားမှာ စိုးရိမ်လို့ နင်ပြောတာ မဟုတ်လား။ ပူတတ်ရန်ကော မစန္ဒာလေးရယ်။ နင်တို့ မိန်းကလေးတွေဟာလေ အဲဒီလိုချည်းပဲ။

နေရာတကာ ငါတို့ယောက်ျားလေးတွေထက်ကို ပိုပူပူတတ်လွန်းတယ်။ ငါနဲ့ခင်နေတဲ့ တရုတ်မကြီး တစ်ယောက် က နင်နဲ့ပတ်သက်ပြီး ငါ့ကို အမြဲသတိပေးခဲ့တယ် မစန္ဒာ။ ‘သံခရား အမဲမရှိဘူး’ တဲ့။ ‘အိနိပ်စနဲ့စုပ်ခ မီတွေ့ခင် ၀က်သား မြန်မြန်စားထားမှ တန်ရုံကျမှာ’ တဲ့။ ကွေးသောလက်မဆန့်မီ ဆန့်သောလက် မကွေးမီမှာ ငါနင့်ကို ရမှရပါ့မလားမသိ။

“လူသားတွေဟာ အားလုံး သင်္ချိုင်းကုန်းကို…”

အဲဒါကြောင့်မို့ ငါပြောတာပေါ့။ ငါးနှစ် မလုပ်ပါနဲ့။ လျှော့ပါဦးဆိုတာကို။ ခုတော့ ကောင်းသေးရဲ့လား။ မြန်မာ ဘောလုံးအသင်း ရှုံးသွားပြီ။ နင်တော်တော် အ တယ် မစန္ဒာ။ တရုတ်ကြီးရဲ့ စကားကို ငါနှလုံးသွင်း ဆင်ခြင်မိ တိုင်း နင့်ကို ဒေါသထွက်မိရဲ့။

“ကိုယ်လေ စဉ်းစားမရနိုင်တိုင်း နံရံကို လက်သီးနှင့်ထိုးမိတယ်”

မစန္ဒာရယ် နင့်ကိုမှ ချစ်မိနေပါတယ်။ နင့်ကိုချစ်မိတဲ့ အချစ်တွေကို ခဲတံချွန်တဲ့ ဓားသေးသေးလေးနဲ့ ငါ လိုက်ခုတ် ကြည့်မိသေးတယ်ဟ။ ဒါပေမယ့် အချစ်က မသေဘူး။ သွေးလည်းမထွက်ဘူး။ အချစ်တစ်ခုကို ငါခုတ်လိုက်မိတာ အချစ်နှစ်ခုဖြစ်သွားတယ်။ လိုက်ခုတ်ရင်း ခုတ်ရင်း အချစ်တွေများ လာတယ်။ ကမ္ဘာလောကကြီးတစ်ခုလုံး အချစ် တွေ ပြည့်လျှံသွားတယ်။ ဒီကဖြင့် ဟိုနေရာကတုန် ဒီရောကတုန် ချစ်လိုက်ရတာ မစန္ဒာ။

“နှလုံးသားမှာ တွယ်တာစရာ ချစ်ချစ်ယိုစုံ”

မစန္ဒာရေ နင့်ရဲ့ကိုယ်ပိုင်အချစ်တွေကို ငံပြာရည်နှင့် ဆားများများသာ ထပ်ထည့်လိုက်။ ငါက ငရုတ်သီးစပ်စပ် ကြိုက်တတ်သလို လေးလေးပင်ပင် အရသာတွေလည်း ကြိုက်တတ်သေးတယ်ကွဲ့။

“စွန့်စားမယ် ကိုယ့်အချစ်ရေ လိုက်ရဲ့လား”

ကောင်းမှန်းသိရဲ့သားနဲ့ မလုပ်ရင် မကောင်းဘူး မစန္ဒာရဲ့။ ဂွတ်မယ်ထင်ရင် ဒူးသာဒူး။ ကိုယ်ဒူးမှ ကိုယ့်ဖို့။ အိုင်တိတ်(ခ်) သမျှ ယူပြန်မဂစ်(ဗ်) နိုင်ရင်တော့ အိုင့်ဖျူးချားလေး ကြွေကျသွားလိမ့်မယ် မစန္ဒာ။ အိုင် မဟာဇနက္ကိလို ရေထဲခုန်ချ ပလုံစွပ် ပလုံစွပ် မအစ်(စ်)ပါရစေနဲ့လား မေခလာ အဲ မစန္ဒာရယ်။

“ရာဇ၀င်မှာ သင်္ဘောမှောက်ရင် မေခလာ ရောက်လို့လာတယ်”

ငါရှိနေရဲ့သားနဲ့ နင့်ကို လာလာနောက်ပိုးထတဲ့ကောင်တွေကို အရင်လို လေးခွနဲ့ မပစ်မိအောင် ငါအတန်တန် စိတ်ထိန်းပါတယ်။ ငါ့ပေါက်ကွဲမှုတွေကိုတော့ နင်မဖောက်ခွဲရဘူးနော် မစန္ဒာ။ အဲဒီ့ကောင်တွေကို နင်ပြန်မကြည့် ရဘူး။ ငါးနှစ်ကိစ္စကိုလည်း လျှော့ဖို့ မမေ့နဲ့ဦး။

“ဟေ့ အသည်းလေး အားလုံးကြိုက်တဲ့ အသည်းလေး”
“ဗျို့ ကိုဧရာကြီး ဘာဖြစ်နေတာလဲ”
“တူ တူ”
“တူ တူ တူ”
“ကျွန်တော် မစန္ဒာနဲ့ တွေ့ချင်လို့ပါ ခင်ဗျာ”
“ဘာသူလဲကွ”
“သြော် ကျွန်တော် သူ့သူငယ်ချင်းပါ”
“ဟေ့ကောင် မင်းကို ငါနာမည်မေးနေတာ”
“အင်း၊ ဟုတ်ကဲ့ ဟို”
“ခွပ်”
မောင်ပြောမယ် နားထောင်ပါလား အချစ်ရယ်။
မိဘတွေ မသိအောင် တို့နှစ်ယောက်ထွက်ပြေးမယ်။

အချစ်ရေ ဘယ်နေ့လဲ။ မသိဘူးနော် မစန္ဒာ။ ငါ့ကိုတော့ ရီးတီးယားတား လာမလုပ်နဲ့။ ငါမိန်းမ မရလို့ကတော့ အခြောက်လုပ်ပြီး ယောက်က်ျားယူပစ်လိုက်မှာပဲ။ သိဘူး၊ သိဘူး။ သွပ်ပြားစိတ်ကိုတော့ လာမဆွနဲ့။ သွပ်ပြားတို့ က မဆွခင်ကတည်းက ရွပြီးထပြီးသား အစားမျိုး။ သိတယ်မဟုတ်လား။

“နောင်သံသရာထဲ ဆက်လက်ပြီး နောက်ဆို ဒီလို ဘယ်တော့မှ”
“အလို စန္ဒာ။ ချစ်သော စန္ဒာ။ မစန္ဒာ”
“ဒီနေ့ကျမှ ငါကိုယ်တော်မြတ်ကြီး မြင်နိုင်မှု အသုံးဝင်တန်ဖိုးတွေ မြင့်ချင်တိုင်း မြင့်မြင့်မြင့် တက်ပြီးတော့ နန်းဆန် သူ ယဉ်အချောက လှချင်တိုင်း လှလှလှနေဘိပါတကား။ မိဖုရားခေါင်ကြီး စန္ဒာဒေ၀ီလေးရဲ့။ ဗဂျီ”

“ငှဲ ငှဲ”
“ဟဲ့ သေနာကောင် ဘာဖြစ်နေတာလဲ”
“ခင်ညာ”
“နင် ခုတလော တော်တော်ပိုးထနေပါလား”
“ငှဲ ငှဲ”
“ဘာ ငှဲငှဲလဲ။ စာနဲ့တစ်မျိုး၊ ဖုန်းနဲ့တစ်မျိုး ငါစိတ် အနှောင့်အယှက်ဖြစ်အောင် နင်အမျိုးမျိုး လုပ်ခဲ့တယ်။ ငါမကြိုက် တာတွေ လျှောက်မလုပ်ပါနဲ့ ပြောတာလည်း မရဘူး။

ငါအခု နင်နဲ့စာရင်းရှင်းရအောင် လာတာ”
“အငှီး၊ လချုပ်လား၊ နှစ်ချုပ်လား”
“နင် ပြောင်တောင်တောင် လုပ်မနေနဲ့။ ငါ နင့်ကို”
“အိုး မချစ်ဘူးတဲ့ သူက”
“ငါ တကယ်ပြောတာ။ နင်က”
“ဘာ ငါက နားငြီးအောင် ပူဆာတတ်လွန်းလို့ နင် ငါ့ကို အပြီးဖြတ်လိုက်ပြီ ဟုတ်လား”
“တကယ်ဟုတ်ပြီတဲ့ ဟုတ်လား”
“တကယ်ဟုတ်ပြီတဲ့လား မစန္ဒာ”
“အောင်မယ်လေးဟဲ့၊ လေးဟဲ့”
အချစ်ဟာ မန်းနီး မော့စ်သိပါတယ်။
“အား ငါနေလို့ မရတော့ဘူး”
“ဟိုတလောက အမေရိန်မှာကျတဲ့ နှင်းမုန်းတိုင်းတွေ ကျွန်တော့်နှလုံးသားထဲကို ၀င်မွှေနေပြီဗျို့”
“ကယ်ကြပါဦး”
သွားပြီ။ ငါတော့ အကယ်ဒမီ မရတော့ဘူး။
အောင်မယ်လေး သွားပါပြီ။ ငါ အကယ်ဒမီ မရတော့ဘူး။
တောက်၊ အမိုက်မ မိစန္ဒာ။
အစကတော့ ရေလာမြောင်းပေး လုပ်ခဲ့ပြီးတော့ ဘာဖြစ်လို့ အခုကျမှ ထမင်းရည်ပူလျှာလွှဲ လုပ်ရတာလဲဟဲ့။ တေချင်းလျှိုးမရဲ့။

ဟာ။ လူသေလို မီးမြိုက်ရင်တောင် နှလုံးသား မီးမလောင်မယ့်ဟာမ။

အစကတော့ ချစ်တယ် ပြောပြီး အခုကျမှ မချစ်ဘူးတဲ့။ ဓားနဲ့ထိုးပစ်မယ်။ တုတ်နဲ့ ရိုက်ပစ်မယ်။

ဟာမ၊ မြွေးပွေးမ၊ မြွေဟောက်မ၊ မတာမ၊ တေချင်းလျှိုမ၊ တောက်ကန်းမ၊ ဗီလိန်မ၊ လဒမ၊ မဂန်းမ၊ ဗိုက်နာမ၊ အေအိုင်ဒီ(စ်)မ။

အခုတော့ အလို ပရိသတ်ကြီးရဲ့၊ အခုတော့ဖြင့် “တစ်ယောက်တည်းလား မေးတော့ ငါတစ်ယောက်တည်းပါ”

0 ဝေဖန်ပေးပြီးပြီ: