အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

December 1, 2011

အင်းတော်အင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အလှအပများ ဖော်ထုတ်ရန်လို

မြန်မာနိုင်ငံ၌ တတိယမြောက် အကြီးဆုံးအင်း ဖြစ်သော စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော် မြို့နယ်ရှိ အင်းတော်အင်းအား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အလှအပများအား ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်သင့်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောကြားသည်။

ယင်း အင်းတော်အင်းသည် အင်းတော်မြို့ အနောက်မြောက်ဘက် တစ်မိုင်ခန့် အကွာ၌ တည်ရှိပြီး အရှေ့ဘက်တွင် ကသာမြို့၊ အနောက်ဘက်တွင် ဗန်းမော်နှင့် ဖောင်းပြင်မြို့တို့ တည်ရှိကြောင်း၊ ယင်းနေရာများရှိ သဘာဝပတ်ဝန်းကျင် အလှအပများကို မပျက်စီးဘဲ တည်တံ့စေရန် ထိန်းသိမ်းသင့်ပြီး ဇီဝမျိုးစုံ မျိုးကွဲများ လာရောက် ကျက်စားလျက် ရှိသည့်အတွက် ပိုမိုထိန်းသိမ်းထား သင့်ကြောင်း ၎င်းတို့က ပြောဆိုကြသည်။

"ဒီအင်းတော်အင်းက Ecotourism အတွက်ကော သဘာဝပတ်ဝန်းကျင် အလှအပတွေ မပျက်စီးအောင်လို့ကော ထိန်းသိမ်းထား သင့်တယ် " ဟု စိမ်းရောင်စိုအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောဆိုသည်။

အဆိုပါ အင်းဧရိယာမှာ အလျား သုံးမိုင်၊ အနံ နှစ်မိုင် ကျယ်ဝန်းပြီး အင်း၏ မြောက်၊ အရှေ့၊ အနောက် တို့တွင် ရှေးဟောင်း စေတီများ တည်ရှိကြောင်း၊ အင်းအတွင်း စီးဝင်သည့် ချောင်း၊ မြောင်း စုစုပေါင်း ၂၀ ခန့် ရှိပြီး ရေဘဲ၊ ကြိုးကြာ၊ ရေကြက်၊ မယ်ညို၊ ရေစစ္စလီ၊ တောင်ဘုတ်၊ ဗျိုင်း စသည့် ငှက်များ၊ ငါးကြင်းရွှေဝါ၊ ငါးလမြွေ၊ ငါးအုံတုံ၊ ငါးကြောင်း၊ ငါးလူး၊ ငါးလဝါး စသည့် ငါးများ၊ ဖျံ၊ လိပ် စသည့် ဇီဝမျိုးစုံ မျိုးကွဲများ ရှင်သန်နေထိုင်လျက် ရှိသည့်အတွက် ထိန်းသိမ်းထားသင့်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောကြားသည်။

ယင်း အင်းတော်အင်းမှာ တောင်သမန်အင်း ကဲ့သို့ ပျက်စီးမှု မများပြား သေးကြောင်း၊ ထို့ကြောင့် ကျန်ရှိနေသော သဘာဝ အလှအပများကို ဆက်လက်ထိန်းသိမ်းမည် ဆိုပါက ယခုအခြေအနေသည် ထိန်းသိမ်းရန် အသင့်လျော်ဆုံး ဖြစ်ကြောင်း ဦးမောင်မောင်ဦးက သုံးသပ်ပြောကြားသည်။

အင်းတော်အင်း၏ ရေဝေရေလဲ ဧရိယာမှာ ၄၀၉၆ ဧက အထိရှိပြီး အင်းတော်အင်း၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ သားငှက်တိရစ္ဆာန်နှင့် ရေဝေရေလဲ ထိန်းသိမ်းရေးတို့ကို အလေးထား လုပ်ဆောင်ရမည့်အပြင် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း (Ecotourism) အတွက်လည်း အရေးပါသည့် ဒေသတစ်ခု ဖြစ်သည်။

The Voice Weekly မှ ကူးယူဖေါ်ပြသည်။

0 ဝေဖန်ပေးပြီးပြီ: