အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

December 15, 2011

ဧရာဝတီတိုင်းဒေသကြီး ငါးနှစ်စီမံကိန်းဖြင့် သစ်တောသုံးမျိုး စိုက်ပျိုးမည်

ဧရာဝတီတိုင်း ဒေသကြီးအတွင်း သဘာဝ ဘေးအန္တရာယ် ကာကွယ် လျှော့ချရေးနှင့် စိမ်းလန်းရေး တို့အတွက် ဂျာမနီ နိုင်ငံမှ ထောက်ပံ့မှုဖြင့် တောသုံးမျိုးကို ငါးနှစ်အတွင်း စိုက်ပျိုးသွားရန် စီစဉ်လျက်ရှိကြောင်း သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းက The Voice Weekly သို့ ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးနှင့် ဘေးအန္တရာယ်များ လျော့နည်းလာစေရန် နိုင်ငံတကာ ထောက်ပံ့ရာတွင် ဂျာမနီနိုင်ငံမှ အထောက်အပံ့ဖြင့် ဧရာဝတီတိုင်း ဒေသကြီးတွင် အစုအဖွဲ့ပိုင် သစ်တော (Community Forest)၊ ကျေးရွာ ကာကွယ်ရေး သစ်တော (Village Forest)၊ မြစ်ကမ်းပါးများ ရေတိုက်စားမှုများကြောင့် မြေမပြိုကျစေရန် ထိန်းသိမ်းပေးသော သစ်တော (Shelter Belt) သုံးမျိုးကို စိုက်ပျိုး ထူထောင်သွားမည် ဖြစ်ကြောင်း၊ တစ်နှစ်လျှင် ဧက ၆၀၀ စိုက်ပျိုးမည် ဖြစ်ကာ ၂၀၁၇ ခုနှစ်အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ယင်း စိုက်ခင်းများ၏ ထင်း၊ သစ်၊ ဝါး စသည့် သစ်တောထွက် ပစ္စည်းများကို ဒေသခံများ သုံးစွဲနိုင်မည်ဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များအား လျှော့ချနိုင်ရန်၊ မြစ်ချောင်း ကမ်းပါးများ မကြာခဏ ပြိုကျခြင်းမှလည်း ကာကွယ်တားဆီး နိုင်ရန်တို့ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နာဂစ် မုန်တိုင်းကြောင့် ဧရာဝတီ တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် သစ်တော ဟက်တာ ၃၈,၀၀၀ (ဧက ၉၅,၀၀၀)ပျက်စီး ဆုံးရှုံးခဲ့သည်။

The Voice Weekly မှ ကူးယူဖေါ်ပြသည်။

0 ဝေဖန်ပေးပြီးပြီ: