အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

December 31, 2011

စက်ရုံစွန့်ပစ်ရေ ပတ်ဝန်းကျင်ထိခိုက်မှု ပိုမိုဖြစ်ပေါ် စေဟုဆို

မြန်မာနိုင်ငံအတွင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွန်းလာခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးကို ထိခိုက်မှုများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော စိမ်းရောင်စို Activities အဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဦးက သုံးသပ် ပြောကြားသည်။

အထင်ကရ စက်မှုလက်မှုလုပ်ငန်းများနှင့် အိမ်တွင်းစက်မှုလုပ်ငန်း၊ အသေးစား စက်ရုံထွက် စွန့်ပစ်ပစ္စည်းများ မှာ မြေထု၊ လေထု၊ ရေထုကို ညစ်ညမ်းခြင်းတို့ ဖြစ်ပေါ်ရာတွင် အဓိကသက်ရောက်ကြောင်း၊ အဓိကအနေဖြင့် ယင်းစက်ရုံများ အနီးနေထိုင်သော ဒေသခံများ၏ ကျန်းမာရေးကို ပိုမိုထိခိုက်စေကြောင်း၊ စက်ရုံများမှထွက်ရှိသော ပစ္စည်းအများစုတွင် ဓာတုဗေဒ ပစ္စည်းများပါဝင်သဖြင့် ယင်းကဲ့သို့ ထိခိုက်မှုရှိစေနိုင်ကြောင်း စွန့်ပစ်ပစ္စည်းမဟုတ်စေကာမူ အလားတူ ဒြပ်ပေါင်းများကို ထိတွေ့ ကိုင်တွယ်မှုများပြားပါက အဆုတ်ပွခြင်း၊ လေပြွန်ရောင်ကာ ချောင်းဆိုးခြင်း၊ အဆုတ်ကင်ဆာ စသည်အထိ ဖြစ်စေနိုင်ကြောင်း၊ စွန့်ပစ်ဓာတုပစ္စည်းအမှုန့်များ ပတ်ဝန်းကျင် လေထုအတွင်း ပျံ့နှံ့နေခြင်းမှာ ကလေးများအတွက် အသက်ရှုလမ်းကြောင်းကို ထိခိုက်စေပြီး အန္တရာယ်ရှိနိုင်ကြောင်း၊ အချို့သော စွန့်ပစ်ပစ္စည်းများတွင် ပြဒါး(မာကျူရီ)၊ ခဲ၊ ဖလူရင် ဒိုင်အောင်စင် စသော ကင်ဆာဖြစ်စေသည့် ဓာတ်များပါဝင်နေသဖြင့် ပတ်ဝန်းကျင်ကို ထိခိုက်စေကာ ယင်းတို့ကို ကိုင်တွယ် ထိတွေ့ရသော လုပ်သားများအနေဖြင့် စနစ်တကျကိုင်တွယ်ရန်လည်း လိုအပ်ကြောင်း၊ စက်ရုံထွက် စွန့်ပစ်ပစ္စည်းအချို့ကို ရေနုတ်မြောင်းများ အတွင်းသို့ တိုက်ရိုက်စွန့်ပစ်ပါက ရေတွင်နေထိုင်သော သတ္တဝါများ မျိုးတုံး ပျောက်ကွယ်သွားနိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

"တောင်သမန်အင်းထဲမှာဆိုရင်လည်း စက်ရုံတွေက ရေဆိုးတွေကို ခိုးထုတ်နေကြတယ်။ အဲဒီလိုထုတ်နေလို့ အင်းကတော်တော် ညစ်ပတ်နေတာ" ဟု မန္တလေးမြို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသော အသက် ၄ဝ ကျော်အရွယ် အမျိုးသားတစ်ဦးကဆိုသည်။

ရန်ကုန်တက္ကသိုလ်ကပြုလုပ်ခဲ့သော ခိုင်မာတိကျသည့်ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းတစ်စောင်တွင်လည်း စက်မှုလုပ်ငန်းများ လည်ပတ်လျက်ရှိသော လှိုင်သာယာစက်မှုဇုန်မှ စက်ရုံကြီးရှစ်ခု၏ စွန့်ပစ်ရေများတွင် လူကို အဆိပ်အတောက် ဖြစ်စေသော အာဆင်းနစ်အပြင် သတ္တုဓာတ်များပါ ပါဝင်နေကြောင်း သိရှိရ(သတင်းဖော်ပြပြီး The Voice Weekly Vol.7, No.38) သည်။

မြန်မာနိုင်ငံ၌ စက်မှုဇုန် ၁၈ ခု တည်ထောင်ထားပြီး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

The Voice Weekly မှ ကူးယူဖေါ်ပြသည်။

December 15, 2011

ဧရာဝတီတိုင်းဒေသကြီး ငါးနှစ်စီမံကိန်းဖြင့် သစ်တောသုံးမျိုး စိုက်ပျိုးမည်

ဧရာဝတီတိုင်း ဒေသကြီးအတွင်း သဘာဝ ဘေးအန္တရာယ် ကာကွယ် လျှော့ချရေးနှင့် စိမ်းလန်းရေး တို့အတွက် ဂျာမနီ နိုင်ငံမှ ထောက်ပံ့မှုဖြင့် တောသုံးမျိုးကို ငါးနှစ်အတွင်း စိုက်ပျိုးသွားရန် စီစဉ်လျက်ရှိကြောင်း သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းက The Voice Weekly သို့ ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးနှင့် ဘေးအန္တရာယ်များ လျော့နည်းလာစေရန် နိုင်ငံတကာ ထောက်ပံ့ရာတွင် ဂျာမနီနိုင်ငံမှ အထောက်အပံ့ဖြင့် ဧရာဝတီတိုင်း ဒေသကြီးတွင် အစုအဖွဲ့ပိုင် သစ်တော (Community Forest)၊ ကျေးရွာ ကာကွယ်ရေး သစ်တော (Village Forest)၊ မြစ်ကမ်းပါးများ ရေတိုက်စားမှုများကြောင့် မြေမပြိုကျစေရန် ထိန်းသိမ်းပေးသော သစ်တော (Shelter Belt) သုံးမျိုးကို စိုက်ပျိုး ထူထောင်သွားမည် ဖြစ်ကြောင်း၊ တစ်နှစ်လျှင် ဧက ၆၀၀ စိုက်ပျိုးမည် ဖြစ်ကာ ၂၀၁၇ ခုနှစ်အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ယင်း စိုက်ခင်းများ၏ ထင်း၊ သစ်၊ ဝါး စသည့် သစ်တောထွက် ပစ္စည်းများကို ဒေသခံများ သုံးစွဲနိုင်မည်ဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များအား လျှော့ချနိုင်ရန်၊ မြစ်ချောင်း ကမ်းပါးများ မကြာခဏ ပြိုကျခြင်းမှလည်း ကာကွယ်တားဆီး နိုင်ရန်တို့ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နာဂစ် မုန်တိုင်းကြောင့် ဧရာဝတီ တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် သစ်တော ဟက်တာ ၃၈,၀၀၀ (ဧက ၉၅,၀၀၀)ပျက်စီး ဆုံးရှုံးခဲ့သည်။

The Voice Weekly မှ ကူးယူဖေါ်ပြသည်။

December 1, 2011

ထားဝယ် ရေနက်ဆိပ်ကမ်း ပြောင်းရွှေ့ရွာများ ဝန်းကျင်တွင် ရှားပါးတိရစ္ဆာန်များ တွေ့ဟုဆို

မြန်မာနိုင်ငံတွင် အထူးစီမံကိန်းအဖြစ် အကောင်အထည် ဖော်လျက်ရှိသည့် ထားဝယ် ရေနက်ဆိပ်ကမ်းအတွက် ပြောင်းရွှေ့ရမည့် နဘုလယ် ဒေသနှင့် ဘဝါရွာ အနီးတစ်ဝိုက်ရှိ တောများအတွင်း မြန်မာ့ ရှားပါးတိရစ္ဆာန်များ ဖြစ်သော ကြံ့သူတော်များနှင့် လိပ်ကြေးခေါ် (အမြီးရှည်လိပ်) များ တွေ့ရှိရကြောင်း ယင်း ရေနက်ဆိပ်ကမ်း သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ သုတေသန ပြုလုပ်လျက် ရှိသည့် ထားဝယ် ဒေသခံများက ပြောကြားသည်။

"ဒီနှစ်ထဲ ဘဝါရွာမှာ ကြံ့သူတော် နှစ်ကောင်နဲ့ လိပ်ကြေး သုံးကောင် မိတယ်" ဟု ဒေသခံများက The Voice Weekly သို့ ပြောဆိုသည်။

ယခုနှစ် မိုးရာသီအတွင်း လိပ်ကြေးသုံးကောင်ကို ဖမ်းဆီး ရရှိခဲ့ကာ နှစ်ကောင် ပြန်လွှတ်ပေး ခဲ့ရပြီး တစ်ကောင်မှာ ပိုက်ကွန်ဖြင့် ငြိတွယ် သေဆုံးခဲ့ကြောင်း ဖမ်းဆီးရရှိသူ ဒေသခံများက ပြောကြားသည်။

အဆိုပါ နဘုလယ် ဒေသနှင့် ဘဝါရွာ အနီးတစ်ဝိုက်တွင် ကြံ့သူတော်များ၊ လိပ်ကြေးများအပြင် သင်းခွေချပ်၊ ဖွတ်၊ ပုတတ် စသည့် ရှားပါးတိရစ္ဆာန်များလည်း တွေ့နိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

ကမ္ဘာပေါ်တွင် ကောင်ရေ သိသိသာသာ ကျဆင်းလျက် ရှိသည့် ရှားပါး ကြံ့သူတော်များသည် မြန်မာနိုင်ငံ တောင်ဘက်စွန်းရှိ တနင်္သာရီတိုင်း ဒေသကြီးတွင် အများဆုံး တွေ့ရပြီး ယခုနှစ် မတ်လ ၁ ရက်နေ့မှ စတင်ကာ တနင်္သာရီ သဘာဝ ကြိုးဝိုင်း၌ လေးလအတွင်း လေ့လာချက်အရ ကြံ့သူတော် သုံးကောင် တွေ့ရှိခဲ့ရကြောင်း စက်တင်ဘာလ ၁၉ ရက်နေ့ထုတ် The Voice Weekly Vol.7/ No.40 တွင် ဖော်ပြထားသည်။

ကမ္ဘာ့ရှားပါး ကြံ့သူတော်မှာ မြန်မာနိုင်ငံတွင် မျိုးစိတ်ပျံ့နှံ့ တည်ရှိမှု အကောင်ရေ အတိအကျ လေ့လာမှု မှတ်တမ်း မရှိသလောက် နည်းသေးကြောင်း၊ ယင်းကြောင့် တနင်္သာရီတိုင်း ဒေသကြီးတွင် လေ့လာမှုများ ပြုလုပ်သင့်ကြောင်း၊ ကြံ့သူတော်များ ကျန်ရှိနေသော ဒေသများကို ဆက်လက် လေ့လာရန် လိုအပ်နေကြောင်း သဘာဝဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် နဘုလယ် ဒေသသည် ထားဝယ်ဒေသ၏ ယဉ်ကျေးမှု စတင် ဖြစ်ထွန်းရာ ဖြစ်ပြီး သဘာဝ စိမ့်တောများ၊ ဒီရေတောများ တည်ရှိနေသေးကြောင်း ထားဝယ် ရေနက်ဆိပ်ကမ်း သဘာဝပတ်ဝန်းကျင်အပေါ် ထိုင်းသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တစ်ဦးက ဆိုသည်။

အဆိုပါ ထားဝယ် ရေနက်ဆိပ်ကမ်းအတွက် ရေဖြူမြို့နယ်မှ ငါးရွာ၊ လောင်းလုံးမြို့နယ်မှ တစ်ရွာတို့ ပြောင်းရွှေ့ပေးရမည် ဖြစ်ပြီး အဆိုပါရွာများကို ဘဝါရွာတွင် ပြန်လည် နေရာချ ရွာသစ်တည်ဆောက်မည် ဖြစ်ကြောင်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း အထောက်အကူပြု အဖွဲ့၏ စာရင်းများအရ သိရသည်။

အဆိုပါ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အစီရင်ခံစာနှင့် လူမှုရေး ထိခိုက်မှု အစီရင်ခံစာများ ပြီးစီးပါက ပြည်သူလူထုထံ အသိပေးမည် ဖြစ်ပြီး ယင်းစီမံကိန်းသည် လူထုနှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများပါက ဆက်လက် လုပ်ဆောင်မည် မဟုတ်ကြောင်း ထားဝယ်စီမံကိန်း အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်ဆွေက The Voice Weekly သတင်းထောက်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

The Voice Weekly မှ ကူးယူဖေါ်ပြသည်။

အင်းတော်အင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အလှအပများ ဖော်ထုတ်ရန်လို

မြန်မာနိုင်ငံ၌ တတိယမြောက် အကြီးဆုံးအင်း ဖြစ်သော စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော် မြို့နယ်ရှိ အင်းတော်အင်းအား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အလှအပများအား ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်သင့်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောကြားသည်။

ယင်း အင်းတော်အင်းသည် အင်းတော်မြို့ အနောက်မြောက်ဘက် တစ်မိုင်ခန့် အကွာ၌ တည်ရှိပြီး အရှေ့ဘက်တွင် ကသာမြို့၊ အနောက်ဘက်တွင် ဗန်းမော်နှင့် ဖောင်းပြင်မြို့တို့ တည်ရှိကြောင်း၊ ယင်းနေရာများရှိ သဘာဝပတ်ဝန်းကျင် အလှအပများကို မပျက်စီးဘဲ တည်တံ့စေရန် ထိန်းသိမ်းသင့်ပြီး ဇီဝမျိုးစုံ မျိုးကွဲများ လာရောက် ကျက်စားလျက် ရှိသည့်အတွက် ပိုမိုထိန်းသိမ်းထား သင့်ကြောင်း ၎င်းတို့က ပြောဆိုကြသည်။

"ဒီအင်းတော်အင်းက Ecotourism အတွက်ကော သဘာဝပတ်ဝန်းကျင် အလှအပတွေ မပျက်စီးအောင်လို့ကော ထိန်းသိမ်းထား သင့်တယ် " ဟု စိမ်းရောင်စိုအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောဆိုသည်။

အဆိုပါ အင်းဧရိယာမှာ အလျား သုံးမိုင်၊ အနံ နှစ်မိုင် ကျယ်ဝန်းပြီး အင်း၏ မြောက်၊ အရှေ့၊ အနောက် တို့တွင် ရှေးဟောင်း စေတီများ တည်ရှိကြောင်း၊ အင်းအတွင်း စီးဝင်သည့် ချောင်း၊ မြောင်း စုစုပေါင်း ၂၀ ခန့် ရှိပြီး ရေဘဲ၊ ကြိုးကြာ၊ ရေကြက်၊ မယ်ညို၊ ရေစစ္စလီ၊ တောင်ဘုတ်၊ ဗျိုင်း စသည့် ငှက်များ၊ ငါးကြင်းရွှေဝါ၊ ငါးလမြွေ၊ ငါးအုံတုံ၊ ငါးကြောင်း၊ ငါးလူး၊ ငါးလဝါး စသည့် ငါးများ၊ ဖျံ၊ လိပ် စသည့် ဇီဝမျိုးစုံ မျိုးကွဲများ ရှင်သန်နေထိုင်လျက် ရှိသည့်အတွက် ထိန်းသိမ်းထားသင့်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောကြားသည်။

ယင်း အင်းတော်အင်းမှာ တောင်သမန်အင်း ကဲ့သို့ ပျက်စီးမှု မများပြား သေးကြောင်း၊ ထို့ကြောင့် ကျန်ရှိနေသော သဘာဝ အလှအပများကို ဆက်လက်ထိန်းသိမ်းမည် ဆိုပါက ယခုအခြေအနေသည် ထိန်းသိမ်းရန် အသင့်လျော်ဆုံး ဖြစ်ကြောင်း ဦးမောင်မောင်ဦးက သုံးသပ်ပြောကြားသည်။

အင်းတော်အင်း၏ ရေဝေရေလဲ ဧရိယာမှာ ၄၀၉၆ ဧက အထိရှိပြီး အင်းတော်အင်း၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ သားငှက်တိရစ္ဆာန်နှင့် ရေဝေရေလဲ ထိန်းသိမ်းရေးတို့ကို အလေးထား လုပ်ဆောင်ရမည့်အပြင် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း (Ecotourism) အတွက်လည်း အရေးပါသည့် ဒေသတစ်ခု ဖြစ်သည်။

The Voice Weekly မှ ကူးယူဖေါ်ပြသည်။

October 7, 2011

မြစ်ဆုံစီမံကိန်း ပြန်လည် သုံးသပ်ရန် နိုင်ငံတော် သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ပြောကြား

မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်ပြီး လူပေါင်း ၂၇ သန်းကျော် မှီခိုနေရသည့် ဧရာဝတီမြစ် မြစ်ဆုံတွင် လက်ရှိ တည်ဆောက်လျက် ရှိသော မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအား တည်ဆောက်သင့်၊ မဆောက်သင့် ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး ဒေါက်တာ ဦးမြင့်မှ The Voice Weekly နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

"ဆရာကတော့ မြစ်ဆုံ စီမံကိန်းကို ဆက်မလုပ်စေချင်ဘူး၊ သမ္မတကိုလည်း ပြောထားပြီးပြီ" ဟု ဦးမြင့်က ဆိုသည်။

ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဖြစ်သည့်အတွက် ယင်းကဲ့သို့ စီမံကိန်းကြီးအား မလုပ်သင့်ကြောင်း၊ အခြားနိုင်ငံတကာ အဖွဲ့အစည်းများ ဖိတ်ခေါ်၍ ယခုတည်ဆောက်နေသည့် စီမံကိန်းကို ပြန်လည် သုံးသပ်လေ့လာခိုင်း သင့်ကြောင်း၊ ဒေသတွင်း ရေအားလျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်၍ ဩဇာကြီးသော မဲခေါင်ဒေသ အဖွဲ့အစည်းများကို ဖိတ်ခေါ်၍ Economic and Social Impact Assessment ကို ပြန်လည် လုပ်သင့်ကြောင်း၊ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ပြဿနာ တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး ပြဿနာများပါ ပါဝင်နေကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် စဉ်းစားပေးရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"နိုင်ငံရဲ့ Growth အတွက် ဆောက်တာလို့ ပြောနေကြတယ်၊ Growth ထဲမှာ Cost တွေပါတယ်၊ အဲဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ Growth နဲ့ Cost ကိုရော ဘယ်သူမှ လေ့လာထားရသေးတာ မဟုတ်ဘဲ နိုင်ငံဖွံ့ဖြိုးရေးအတွက် လုပ်တယ်ဆိုတာ ပြောမနေသင့်ဘူး" ၎င်းက ဆက်လက် ပြောကြားသည်။

UN နှင့် မြစ်ဆုံစီမံကိန်းသည် ဘာမှ မသက်ဆိုင်ကြောင်း၊ ကိုယ့်နိုင်ငံနှင့်သာ သက်ဆိုင်ကြောင်း၊ နိုင်ငံ၏ လျှပ်စစ်စွမ်းအား ရရှိရေးသည် အမျိုးသားအကျိုးစီးပွား ဖြစ်၍ ဆက်လက် တည်ဆောက်သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁၁ ရက်နေ့တွင် နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပပြုလုပ်ခဲ့သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် အမှတ် (၁) လျှပ်စစ်စွမ်းအား ပြည်ထောင်စု ဝန်ကြီး ဦးဇော်မင်းက ပြောသည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧရာဝတီမြစ် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို အစိုးရက ဆက်လက် လုပ်ဆောင်မည်ဟု သတင်းထုတ်ပြန်မှုအပေါ် အစိုးရနှင့် ပြည်သူကြား ညှိနှိုင်းမှုဖြင့် အကောင်းဆုံး အဖြေရှာကြရန် တိုက်တွန်းထားကြောင်း The Voice Weekly Vol.7/ No. 40 တွင် ဖော်ပြပါရှိသည်။

The Voice Weekly မှ ကူးယူဖေါ်ပြသည်။

September 30, 2011

မြစ်ဆုံစီမံကိန်း နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ၁၀ ရာခိုင်နှုန်း ရရှိမည် ဟုဆို

မြန်မာနိုင်ငံ၏ အသက်သွေးကြော ဖြစ်သော ဧရာဝတီမြစ်၏ မြစ်ဆုံတွင် ဆက်လက် တည်ဆောက်မည့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြီးစီးပါက လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၈,၀၀၀ ထုတ်လုပ်နိုင်မည် ဖြစ်သော်လည်း နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ၁၀ ရာခိုင်နှုန်း (၁၈၀၀ မဂ္ဂါဝပ်) ကိုသာ Free Power အဖြစ် ရရှိမည် ဖြစ်ကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇော်မင်းက စက်တင်ဘာလ ၁၁ ရက်နေ့တွင် နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာန ဝန်ကြီးရုံး၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲ အခမ်းအနားတွင် ပြောကြားသည်။

"၁၀ ရာခိုင်နှုန်းပဲ ရမယ်ဆိုတော့ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းက တရုတ်ကို ရောင်းစားမှာပေါ့ " ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လေ့လာနေသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၅၀၀ ပေးလျှင်ပင် သုံးမကုန် နိုင်လောက်အောင် လုံလောက်ကြောင်း၊ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် ၁၈,၀၀၀ ခန့် ထွက်ရှိမည် ဖြစ်သောကြောင့် Market သဘောအရ ရောင်းချရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ငွေကြေး လုံလုံလောက်လောက် မရှိ၍ တရုတ် ရင်းနှီးမြှုပ်နှံမှုကိုလက်ခံရခြင်း ဖြစ်ကြောင်း၊ ယင်းသို့ လက်ခံမှုကြောင့် မြန်မာနိုင်ငံက ဓာတ်အား ၁၀ ရာခိုင်နှုန်း အလကားရမည် ဖြစ်ကြောင်း အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇော်မင်းက ပြောကြားသည်။

ဧရာဝတီမြစ် မြစ်ဆုံတွင် ယခုလက်ရှိ တည်ဆောက်လျက် ရှိသည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြီးစီးပါက လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၈,၀၀၀ ထုတ်လုပ်နိုင်မည် ဖြစ်၍ နျူကလီးယား ဓာတ်ပေါင်းဖို အလုံးပေါင်း ၂၀ ခန့်နှင့် ညီကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားသည်။ နျူကလီးယား ဓာတ်ပေါင်းဖို ၂၀ တည်ဆောက်မည် ဆိုပါက အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ကုန်ကျမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ရရှိရန် မည်သည့်မြစ်ကိုမျှ သုံးစရာမလိုကြောင်း၊ ယခုနှစ် ဧပြီလ အတွင်းက ရန်ကုန်မြို့ ယောမင်းကြီးလမ်း Gallery 65 ၌ ကျင်းပသည့် ရေဝေတောတောင် ပြပွဲတွင် အပြည်ပြည်ဆိုင်ရာ မြစ်များ စာအုပ် ရေးသားသူ ဦးဝင်းကျော် (အငြိမ်းစား ညွှန်ကြားရေးမှူး၊ ရေအားလျှပ်စစ်) က ပြောကြားသည်။

သဘာဝအလျောက် စီးဆင်းနေသည့် မြစ်ချောင်းများကို ပိတ်ဆို့ပြီး ရေလှောင်တမံ တည်ဆောက်ခြင်းသည် မြစ်ချောင်းများ ၏ ရေစီးရေလာကို ပျက်စီးစေကြောင်း၊ မြစ်ဝှမ်းအတွင်း ရေစီးပမာဏ၊ အရည်အသွေး၊ နုန်းပို့ချမှုပုံ သဏ္ဌာန်နှင့် ရေအသုံးချမှု ပုံစံများ ပြောင်းလဲကုန်ကြောင်းလည်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့ အဓိကထွက်ရှိသော နိုင်ငံဖြစ်သည့်အတွက် သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ တစိုက်မတ်မတ် လုပ်ကိုင်လာသူ ဦးမြင့်ဇော်က The Voice Weekly သို့ ပြောကြားသည်။

"ဘယ်စီမံကိန်းမဆို သဘာဝ ပတ်ဝန်းကျင် ထိတာပဲ။ မထိဘူးလို့ ပြောတဲ့သူက သဘာဝပတ်ဝန်းကျင်အကြောင်း မသိတဲ့သူပဲ" ဟု သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းအသင်း (FREDA) ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ လူဦးရေအများစုသည် သဘာဝ အရင်းအမြစ် ဖြစ်သော မြစ်ချောင်းများ၊ မြေဆီလွှာများကို အမှီပြုနေကြောင်း၊ ထို့ကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်သည့် လုပ်ငန်းများသည် အခြေခံလူတန်းစားများကို ပို၍ ထိခိုက်ကြောင်း ဦးမြင့်ဇော်က ဆိုသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်းများစွာ ရှိနေပြီး မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို တရုတ် ပြည်သူ့သမ္မတ နိုင်ငံရှိ China Power နှင့်ပူးပေါင်း၍ ၂၀၀၉ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း၊ သံလွင်မြစ်အတွင်း ရေအားလျှပ်စစ် စီမံကိန်း သုံးခုရှိကြောင်း၊ ချင်းတွင်းမြစ်နှင့် အခြား မြစ်ချောင်းများတွင်လည်း ရေအားလျှပ်စစ် စီမံကိန်းများ တည်ဆောက်လျက်ရှိကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

The Voice Weekly မှ ကူးယူဖေါ်ပြသည်။

January 19, 2011

ဧရာဝတီမော်ကွန်း

ကျောရိုးဆန့်  ဧရာဝတီဟာ
မာယာလည်းဆန်
ကဗျာလည်းဆန်
ဒါ...တို့ ရဲ့ သဏ္ဍာန်ပေါ့....။

သွန်းလောင်းခဲ့ တို့ သွေးချွေး
တို့ ဘိုးဘေးတို့ တည်ထောင်
မြန်မာ့လူ့ လောင်ဟာ သိမ်မွေ့ ခဲ့တယ်.....။

ဘိုးဘွားတို့  အစဉ်အလာက
ရိုးသားတဲ့ မြန်မာလို့ 
ကမ္ပည်းမော်ကွန်းပြု
တို့ ယဉ်ကျေးမှု ခိုင်မြဲခဲ့တယ်.......။

အမျိုး ဘာသာ သာသနာနဲ့ 
မညှိုးရောင်ဝါ ထိန်ထိန်ငြီး
တို့ ထီးတို့ နန်းလည်း တင့်ခဲ့ဖူးတယ်.....။

ဒီ..ဧရာဝတီ
စီးဆင်းနေသရွေ့ 
တို့ သွေးချင်းနောင်မယ်
ကူးယှက်နွယ်ပျော်မွေ့ 
တို့ ဓလေ့ ခိုင်မြဲဖို့ လိုတယ်.....။ ။

Chocolate city ဆိုက်မှ ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်။

October 17, 2010

နိုဘယ်ဆုရှင်မာသာထရီဆာ၏ မိဘမဲ့ဂေဟာတစ်ခုတွင် ချိတ်ဆွဲထားသော ကဗျာ

ဘယ်လိုပဲဖြစ်စေ
လူတွေဟာမကြာခဏအကျိုးသင့်အကြောင်း
သင့်မဟုတ်တာတွေလုပ်တတ်သလို
ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ်
ဘယ်လိုပဲဖြစ်စေ……….သူတို့ကိုခွင့်လွှတ်လိုက်ပါ။

သင်ကသနားကြင်နာတတ်ရင်
လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….သနားကြင်နာမြဲသနားကြင်နာပါ။

သင့်ဘ၀မှာအောင်မြင်နေပြီဆိုရင်
မိတ်ဆွေတုတွေရလာနိုင်သလိုရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….အောင်မြင်အောင်ဆက်ကြိုးစားပါ။

လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ရိုးသားဖြောင့်မတ်ပါ။

သင်နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ဘ၀တစ်ခုကို
တစ်ဦးတစ်ယောက်ကနေ့ချင်းညချင်းဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….တည်ဆောက်မြဲတည်ဆောက်ပါ။

သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကိုရှာဖွေတွေ့ရှိပြီဆိုရင်
သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….စိတ်အေးချမ်းအောင်နေပါ။

သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို
လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ကောင်းတာကိုပဲဆက်လုပ်ပါ။

လောကကြီးကိုသင်အပေးနိုင်ဆုံးအကောင်းဆုံးတွေပေးဝေလိုက်ပါ
ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး
ဘယ်လိုပဲဖြစ်စေ……….လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ။

နောက်ဆုံးခွဲခြမ်းစိတ်ဖြာလိုက်တော့သင်မြင်တဲ့အတိုင်းပါဘဲ
သင်နဲ့တရားသာအတူရှိတော့တာပါ
ငါ ၊မင်း ၊သူတစ်ပါးအကြားမှာဘာမှမရှိပါဘူး။ ။

Forward email ကနေပြီး တဆင့်ဖေါ်ပြခြင်းဖြစ်ပါတယ်။

July 13, 2010

2018 World Cup အိမ်ရှင် မြန်မာနိုင်ငံ

2018 Word Cup ကျင်းပခွင့်အား အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံကို ရွှေးချယ်လိုက်ကြောင်း FIFA မှ ဇူလိုင်လ 11 , 2010 ရက်နေ့က တရားဝင်ထုတ်ပြန်ကြေငြာလိုက်သည်။ 2014 ပြိုင်ပွဲကို တောင်အမေရိကတိုက်မှ ဘရာဇီးနိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။ 2018 ခုနှစ်တွင် အာရှတိုက်မှ လက်ခံကျင်းပရမည်ဖြစ်သောကြောင့် အိမ်ရှင်အဖြစ်လျှောက်ထားသော အာဖဂန်နစတန်၊ အီ၇တ်၊ အရှေ့တီမော၊ မြန်မာ၊ မော်ဒိုက်၊ ဘူတန်၊ မြောက်ကိုရီးယား စသည့်နိုင်ငံများထဲမှ အသင့်တော်ဆုံး မြန်မာနိုင်ငံကို မဲအများဆုံးနှင့် ရွှေးချယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဆင့်အတန်းမြင့်မားမှု၊ ပြည်တွင်းကလပ်အသင်းများ ကြွှေးမြီဝန်ထုတ်ဝန်ပိုး ကင်းရှင်းမှု၊ ပြိုင်ပွဲဝင်အသင်းများနှင့် ပရိတ်သတ်များအတွက် လုံခြုံရေးစိတ်ချရမှု၊ သယ်ယူပို့ဆောင်ရေးနှင့် ဘောလုံးအခြေခံအဆောက်အအုံများ ကောင်းမွန်ပြည့်စုံမှုတို့ကြောင့် ရွှေးချယ်ရခြင်းဖြစ်ကြောင်း FIFA ပြန်ကြားရေးအရာရှိ Mr.Doberman က ထုတ်ဖော်ပြောဆိုခဲ့သည်။

ဇူလိုင်လ 12 ရက်နေ့၊ ရန်ကုန်မြို့၊ Goal Hotel တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ President ဦးဂေါ်ဂေါ်၊ First Secretary ဦးဘန်နီဖင်ပြောင်၊ Media Officer ဦးဆိုးမိုး (ABC) (IBC မဟုတ်ပါ ABC beer) တို့က ပြိုင်ပွဲအစီအစဉ်များနှင့် ပက်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

President ဦးဂေါ်ဂေါ်က “မြန်မာနိုင်ငံရဲ့ လက်ရှိ ဘောလုံးအဆင့်အတန်းမှာ အလွန်မြင့်မားနေပြီဖြစ်ကြောင်း၊ ဘရုနိင်း၊ ဖိလစ်ပိုင်၊ အရှေ့တီမော၊ ဖီဂျီ၊ မော်ဒိုက်၊ နီပေါ ဘူတန်၊ ဆိုမာလီယာ၊ ဂ်ီနီ၊ ဆူဒန် စသည့်နိုင်ငံအသင်းများထက် သာလွန်နေပြီဖြစ်ကြောင်း၊ ထိုသို့ မြင့်မားစေရန် ပေါ်တူဂီလူမျိုး မောင်ရင်တိုအား နည်းပြချုပ်အဖြစ် ခန့်အပ်ပြီး၊ Assistant Coach များအဖြစ် ဦးဖင်မြင့်တောင် နှင့် ဦးမျိုးလှိုင်ဂွင်းတို့အား တာဝန်ပေးအပ်ထားကြောင်း၊ ထို့ ပြင် Myanmar National League ပြိုင်ပွဲဝင် Yadanabon FC မှ အိုင်ဗရီကို့ ကစားသမား ဂနွန်ဆီယန်နှင့် ကမ်ဘူး၊ Yangon United FC မှ ဂါနာ ကစားသမား ဟန်ဆန်၊ ဘမ်ဘာနှင့် ဘတ်ဖိုးဂျီယန်၊ Delta United FC မှ နိုင်ဂျီးရီးယား လူမျိုး စတန်လေတိုကို အမည်မဖေါ်လိုသူ မြန်မာမင်းသမီး၊ အဆိုတော်များဖြစ်ကြသော နံတာလှိုင်၊ စုတ်ပြတ်နံတာ၊ စန်နီမျောက်လွင်၊ တင်ဆာဝင့်ကျော်၊ ဖြဲဖြဲကျော်သိန်း၊ ဂွင်းနီတိုနှင့် လက်ထပ်စေပြီး နိုင်ငံသားခံယူစေခဲ့ခြင်း ဖြစ်ကြောင်း” ထို့ အပြင် “ ဥရောပတိုက်ရှိ ကလပ်အသင်းကြီးများဖြစ်သော Manchester United , Liverpool FC , West ham United, Post mouth FC , AC Milan, FC Juventus, AS Roma, SS Lazio, FC Parma , FC Valencia , FC Depotivo La Caruna, FC Barcelona, FC Real Betis Olympics, FC Altaico de Bilbao, FC de Olympic Lyonnis, FC de Bordourex စသည့် ကလပ်အသင်းကြီးများ ကြွှေးမြီဝန်ထုတ်ဝန်ပိုး ပြသာနာများ ရှုပ်ထွေးနေချိန် Yadanabon FC, Yangon United FC, Delta United FC, Nay Pyi Taw FC, Southern Myanmar FC , Zay Yar Shwe Myay FC, Kan Baw Za FC, Magway FC, Zwel Ka Pin United FC စသည့် ပြည်တွင်း ကလပ်အသင်းများ ကြွှေးမြီဝန်ထုတ်ဝန်ပိုး ကင်းရှင်းမှုကို များစွာဂုဏ်ယူမိကြောင်း” ရှင်းလင်းပြောဆိုသွားခဲ့သည်။

ထို့ နောက် First Secretary ဦးဘန်နီဖင်ပြောင်က “ပြိုင်ပွဲဝင်အသင်းများနှင့် ပရိတ်သတ်များအတွက် လုံခြုံရေးစိတ်ချရစေရန် 100% အာမခံပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာမှ ဘောလုံးလူရမ်းကားများကို အေးအေးသက်သာထိန်းသိမ်းနိုင်ကြောင်း ပြောဆိုခဲ့သည်။

ထို့ အပြင် “ကွင်းအတွင်းပရိတ်သတ် ရမ်းကားမှုများလည်း မရှိကြောင်း၊ MNL ပြိုင်ပွဲများတွင် ကွင်းလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါ အရက်သောက်၊ ကွမ်းစား၊ ဘောလုံးပွဲလောင်းပြီး ဘောလုံးပွဲများကို အေးအေးဆေးဆေးကြည့်ရှနိုင်ကြောင်း၊ ရုပ်သံကြည့်ပရိတ်သတ်များ အငြင်းအခုံများ မဖြစ်ပွားစေရန်အတွက်လည်း တိုက်ရိုက်ထုတ်လွှင့်နေချိန် ကွင်းအတွင်း ကစားသမားများ ခိုက်ရန်ဖြစ်ပွားခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းများဖြစ်ပွားပါက မပြသပဲ Score Board ကြီးကိုသာ ရိုက်ပြသည့်စနစ်များလည်း ထားရှိကြောင်း” ပြောဆိုသွားသည်။

ထို့အပြင် ဆက်လက်ပြီး “ပွဲစဉ်များကို ရန်ကုန်မြို့ အောင်ဆန်ကွင်း ၊ Y T C ကွင်းနှင့်  မန္တလေးမြို့ ဗထူးကွင်းများတွင် ကျင်းပမည်ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးအတွက် ပြိုင်ပွဲကျင်းပချိန်တွင်
ယာဉ်ကြောပိတ်ဆို့ မှု ကင်းဝေးစေရန် Bus Cars များ ထားရှိမည်မဟုတ်ပဲ ခြေလျှင်သာ သွားကြရမည်ဖြစ်ကြောင်း၊ လာရောက်ကြည့်ရှုမည့် နိုင်ငံတကာခေါင်းဆောင်များနှင့် Celebrities များအတွက်မှူ ဆိုက်ကားနှင့် ဂါလီများအလုံအလောက်ထားရှိပေးသွားမည်” ဟု အကျယ်တဝင့် ပြောဆိုသွားသည်။

ထိုနောက် Media Officer ဦးဆိုးမိုး (ABC) က “ပြိုင်ပွဲ Logo အဖြစ် “ဆင်ဖြူတော် လေးကောင် ဘောလုံးကန်သည့်ပုံ ”” အား ရွှေးချယ်အတည်ပြုပြီးဖြစ်ကြောင်း လာပ်ကောင် အရုပ်အဖြစ် င်္ခြသေ့စောင့်ကြောင့်ထိုင်နေသည့် အရုပ်ကို သတ်မှတ်ထားကြောင်း၊ ဝေဖန်မှုများမရှိစေရန် ပေါ့ပါးသော Addidas Co. ထုတ် Jabulani, Teamgrist, Roteiro စသည့်ဘောလုံးများ၊ Nike Co. ထုတ် Arrow 90 + , Arrow Final 50+, Arrow Orange 90+ စသည့်ဘောလုံးများ အသုံးပြုမည်မဟုတ်ပဲ မှော်ဘီစက်ရုံထွက် ဘောလုံးများကို အသုံးပြုမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအဖွင့်သီချင်းအဖြစ် နာမည်ကျော် တေးရေး ဆရာ X ခိုင် ရေးသားသီကုံး ကော်ပီကူးချထားသော “ဟေးလား ဝါးလား မြန်မာကွ” (waka waka africa မဟုတ်ပါ) သီချင်းကို နာမည်ကျော် လူငယ် Hip Hop နှင့် Pop အဆိုတော် ဂွင်းနီ က Sexy Dance, Nature of Wild Sexual Life n Environmental Friendly Performance တို့ဖြင့် သီဆိုဖျော်ဖြေ ကပြသွားမည်ဖြစ်ကြောင်း “လက်မှတ်မရရှိသော နိုင်ငံတကာ ပရိတ်သတ်များအတွက် ပွဲစဉ်များ အားလုံးကို ကြည့်ရှနိင်ရန် Fan Fests များအဖြစ် ရန်ကုန်နှင့် မန္တလေးမြို့များရှိ K T V lounge များ၊ Massage Centers များ ၊ Beer Stations များနှင့် လက်ဖက်ရည်ဆိုင်များတွင် ဈေနှုန်း ချိုသာစွာဖြင့် ပြသပေးသွားမည်ဖြစ်ကြောင်း”

ထို့အပြင် “ ပရိတ်သတ်များ တီးမှုတ်အားပေးနိုင်ရန် မြန်မာ့ရိုးရာ ဝါးပုလွေများ၊ ဝါးလက်ခုပ်များ၊ လင်းကွင်းများနှင့် နှဲများ၊ မိမိနိုင်ငံအသင်းများကို ထိရောက်စွာ အားပေးနိုင်ရန် မြန်မာ့ရိုးရာ လောက်လေးဂွ၊ လောက်စာလုံးနှင့် ဂျင်ကလိများကို ဈေးနှုန်းချိုသာစွာဖြင့် အများအပြား ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း” ရှင်းလင်းတင်ပြသွားသည်။

ထိုနောက် Journalists များ၊ သတင်းစာဆရာများ မေးမြန်းသော ချောင်ပိတ်မေးခွန်းများကို ပါးနပ်စွာဖြေကြားရင်း သတင်းစာရှင်းလင်းပွဲကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ရေးသူ..... လှိုင်ကို (11.7.2010, 0054 am ပြီးသည်)

ဒီစာကို စာရေးသူရဲ့ အာဘော်သာ ဖြစ်ပါတယ်။ ကျနော် စာလုံးတွေသာ ပြောင်းထားပါတယ်။

July 5, 2010

“ကျောင်းသားကျောင်းသူများသို့ ”……..။

၄၈ ကြိမ်မြောက် 7 July နေ့ အမှတ်တရ

ကျောင်းသားဆိုတာ အနာဂတ်ကိုဖန်တီးသူ ဖြစ်တယ်။ ကျောင်းသားဆိုတာ နိုင်ငံ့ခေါင်းဆောင်ဖြစ်လာနိုင်သလို၊ စစ်ဗိုလ်ချုပ်ကြီးလဲ ဖြစ်နိုင်တယ်၊ အထူးကုဆရာဝန်ကြီး၊ အင်္ဂျင်နီယာကြီး၊ ကုမ္ပဏီပိုင်ရှင်ကြီးတွေ ဖြစ်နိုင်သလို ဆိုက္ကားသမား၊ ဆေးသမားဆိုတာမျိုးလဲ ဖြစ်သွားတတ်တယ်၊ ကျောင်းသားကနေ ဘာမဆိုဖြစ်သွားနိုင်တယ်။

မြန်မာနိုင်ငံသမိုင်းမှာတော့ တိုင်းပြည်ရဲ့အရေးကြီးတဲ့အပြောင်းအလဲတိုင်းကို ဦးဆောင်ခဲ့သူဟာ ကျောင်းသားတွေပဲ ဖြစ်တယ်။ ကိုလိုနီပညာရေးနဲ့ နယ်ချဲ့တွေကို သပိတ်မှောက်ခဲ့တဲ့ ပထမကျောင်းသားသပိတ် (၁၉၂၀ )ဟာ မြန်မာတမျိုးသားလုံးရဲ့အမျိုးသားရေး နိုးကြားမှုဖြစ်စေခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့ ၁၉၃၆ ခု ဒုတိယကျောင်းသားသပိတ်ဟာ ၁၉၃၈ မှာ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကို မီးမွှေးပေးခဲ့တာဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိတ်ဦးဆောင်ဖွဲ့စည်းတဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA) က ပြည်သူလူထုနဲ့ ထပ်တူလက်နက်ကိုင်တိုက်ပွဲဝင်ခဲ့လို့ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာ ဖြစ်တယ်၊ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသားဘ၀ကနေ နိုင်ငံရေးဇောက်ချလုပ်မယ်လို့ ကျောင်းထွက်ပြီး ရဲရဲတင်းတင်းဆုံးဖြတ်လုပ်ဆောင်ခဲ့သူ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဌလဲ ဖြစ်တယ်၊ ဒီတော့ ဗမာ့တပ်မတော်ဆိုတာကိုက ကျောင်းသားကနေဖြစ်လာတာလို့ ပြောလို့ရပါတယ်။

မြန်မာပြည်သူတွေက နယ်ချဲ့လက်အောက်က လွတ်မြောက်ခဲ့ပေမဲ့လည်း အမျိုးသားချင်း ကျွန်လိုပြန်အုပ်ချုပ်ခံခဲ့ရတယ်၊ မြန်မာ့ဆိုရှယ်လစ်အမည်ခံ စစ်အာဏာရှင်စနစ် (နေရာဌာနတိုင်း စစ်ဘက်အရာရှိများသာ အုပ်စိုးချယ်လှယ်သည့်စနစ်) အောက်မှာ ဖွံ့ဖြိုးတိုးတက်မှုမရှိ ဆင်းရဲမွဲတေနေတဲ့ နိုင်ငံဖြစ်လာခဲ့တယ်၊ မတရားမှု မှန်သမျှကို ဆန့်ကျင်တတ်တဲ့ ကျောင်းသားတွေရဲ့ ဗီဇသဘောအရ ၁၉၆၂ မတ်လ (၂) ရက်နေ့ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့စစ်တပ်က အာဏာသိမ်းလိုက်ကထဲက ပြတ်ပြတ်သားသား ဖွင့်ဟပြောဆို တိုက်ပွဲဝင်ခဲ့ကြတယ်။ အညှိုးကြီးတဲ့ နေ၀င်းနဲ့စစ်ဝါဒီတွေက ရန်ကုန်တက္ကသိုလ်နယ်မြေကို စစ်မြေပြင်လိုသဘောထားပြီး လက်နက်မဲ့အပြစ်မဲ့ကျောင်းသားတွေ ကို (၁၉၆၂ခုဇူလိုင်လ၇ရက်နေ့မှာ) ရက်ရက် စက်စက်ပစ်ခတ်သတ်ဖြတ်ပြီး ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို မိုင်းခွဲဖျက်ဆီးပစ်ခဲ့တယ်၊ ကျောင်းသားသမိုင်းမှာ မမေ့နိုင်တဲ့ 7JULY နေ့ ရယ်လို့ဖြစ်လာပြီး နှစ်စဉ်နှစ်တိုင်း အောက်မေ့ဘွယ် အခမ်းအနားတွေ (ခုထိ) ကျင်းပကြတယ်။ ၁၉၈၈ မတ်လ ၁၃ မှာ R.I.T ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကို ကျောင်းဝန်းထဲတင် ပစ်သတ်မှုဖြစ်ပြီး ချိန်မှာတော့ ကျောင်းသားတွေရဲ့ ဦးဆောင်မှုနဲ့ ရှစ်လေးလုံးခေါ်၁၃၅၀ ပြည့် လူထုအုံကြွမှုကြီး ဖြစ်ပေါ်ခဲ့တယ်။ ရဟန်းသံဃာတွေ၊ အဘိုးအဘွားတွေ၊ အိမ်ရှင်မတွေ၊ အလုပ်သမား လယ်သမားတွေ၊ ၀န်ထမ်းတွေ၊ တချို့ရဲနဲ့စစ်သားတွေ၊ နောက်ဆုံးမိန်းမလျှာတွေတောင် ပါဝင်တဲ့ လူထုအုံကြွမှုကြီးက နေ၀င်း/စိန်လွင် အစိုးရကိုဖြုတ်ချနိုင်ခဲ့ပေမဲ့ အာဏာကို ငန်းငန်းတက်ဆုတ်ကိုင်ထားလိုတဲ့ စစ်ဗိုလ်ချုပ်တွေက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) အမည်ခံအာဏာသိမ်းခဲ့ပြန်တာကြောင့် ရရာလက်နက် ထွဲကိုင်ပြန်ချမယ်ဆိုပြီး ကျောင်းသားတွေ တောခိုကြရာက တစ်ကမ္ဘာလုံးက အံ့သြရတဲ့၊ ကမ္ဘာ့တော်လှန်ရေးသမိုင်းတွေမှာ တောင်မရှိတဲ့ ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဆိုတာ ပေါ်ပေါက်ခဲ့တယ်။ VBSW ခေါ်တဲ့ စွမ်းအားမြှင့်မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့နဲ့ ABSDF ဟာ စစ်အာဏာရှင်နဲ့ မစေ့စပ်မဆွေးနွေးစတမ်း ပြတ်ပြတ်သားသား ရင်ဆိုင်လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတော်လှန်ရေးတပ်တွေ ဖြစ်တယ်။

ကျောင်းသားဆိုတာ အလွှာပေါင်းစုံကဖြစ်နိုင်ပြီး လူထုလူတန်းစားပေါင်းစုံ မိဘတွေနောက်မှာရှိနေတဲ့အတွက် ကျောင်းသားက တစ်ခုခုစလိုက်တိုင်း ပြည်သူကြားမှာ ရိုက်ခတ်မှုရှိတဲ့အတွက် အာဏာပိုင်တွေက ကျောင်းသားတွေနိုင်ငံရေးလုပ်မှာ အရမ်းစိုးရိမ်ပါတယ်၊ ဒါကြောင့် နည်းပေါင်းစုံနဲ့ ကျောင်းသားတွေနိုင်ငံရေးမလုပ်နိုင်အောင် လုပ်ထားပါတယ်။ ကျောင်းတွေကို မြို့ပြင်တွေထုတ်ပြီး ပြည်သူတွေနဲ့ ဝေးရာမှာ ထားတယ်၊ မူးယစ်ဆေးဝါး၊ အပျော်အပါးနဲ့ လောင်းကစားတွေကို မသိမသာခွင့်ပြုပေးထားတယ်၊ ကျောင်းစည်းကမ်းတွေ တင်းကြပ်ထားတယ်၊ နိုင်ငံရေးဆိုတာ မဟရဲအောင် ခြိမ်းခြောက်ထားတယ်၊ ပညာရေးစနစ်အလွဲတွေနဲ့ ကျောင်းသားတွေကို စာသင်ခန်းတွေထဲမှာ အချိန်ဖြုန်းခိုင်းထားတယ်။ နိုင်ငံရေးဆိုတာ ကျောင်းသားနဲ့ မဆိုင်ဘူးဆိုတာမျိုး အတွေးအခေါ်မှားတွေ ရိုက်သွင်းနေပြီး နယ်ချဲ့ဆန့်ကျင်ရေးခေတ်ကနေခုထိ ရဲရဲတောက်ကျောင်းသားသမိုင်းတွေကို ဖျောက်ဖျက်ဖုံးကွယ်ထားတယ်။

ကျောင်းသားတွေမှာ အယူဝါဒအစွဲ၊ ဘာသာအစွဲ၊ လူမျိုးအစွဲမရှိဘူး၊ ကျောင်းသားကြားမှာ အားလုံးရှိတယ်၊ ဒါပေမဲ့ ညီညွတ်လို့ရကြတယ်၊ ကျောင်းသားက လူငယ်ပိုင်းတွေပီပီ ဖြတ်လတ်တယ်၊ ပွင့်လင်းရိုးသားတယ်၊ မတရားမှုတွေ့လာလို့ ရင်ဆိုင်ဖြေရှင်းရတဲ့အခါ ဒေါင်းခွပ်သလို (ဒေါင်းကခွပ်ရင် နောက်ပြန်ပြေးရိုး ထုံးစံမရှိ၊ မနိုင်သည့်တိုင်အောင်တောင်အသေခံခွပ်) စိတ်ဓါတ်မျိုးဖြစ်တာကြောင့် ကျောင်းသားတွေရဲ့သင်္ကေတဟာ ခွပ်ဒေါင်းလို့နယ်ချဲ့ဆန့်ကျင်ရေးခေတ်ကထဲက သတ်မှတ်ခဲ့ကြတာ ဖြစ်တယ်။ ခွပ်ဒေါင်းဟာ ကျောင်းသားထု ကိုယ်စားပြုသင်္ကေတ ဖြစ်တယ်ဆိုတာ စစ်အာဏာရှင်တွေ ကိုယ်တိုင်လက်ခံ အတည်ပြုပေးလိုက်ရပြီဖြစ်တယ်၊ စစ်အာဏာရှင်တွေရဲ့အယောင်ဆောင်ရွေးကောက်ပွဲမှာ ကျောင်း ယောင်ဆောင်ပါတီထောင်သူတွေရဲ့ နိုင်ငံရေးပါတီသင်္ကေတအလံတွေကို ကျောင်းသားသမဂ္ဂအလံနဲ့ ချွတ်စွတ်တူအသုံးပြုထားလို့ ပယ်ဖျက်ပေးဘို့ (ကျောင်းသားသမဂ္ဂရဲ့အိုးဝေမဂ္ဂဇင်း အယ်ဒီတာဟောင်း) စာရေးဆရာကြီးဒဂုဏ်တာယာနဲ့ စာပေအနုပညာအသိုင်းအ၀ိုင်းတွေက ၀ိုင်းကန့်ကွက်ကြတာကို စစ်အာဏာရှင်တွေရဲ့ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က လက်ခံပြီး ပါတီအလံ ပုံစံပြန်ပြင်ခိုင်းပေးလိုက်ရပါတယ်။ အဲဒါ ကျောင်းသားတွေနဲ့ ခွပ်ဒေါင်းအလံရဲ့ဂုဏ်သိက္ခာပါပဲ။

ကျောင်းသားနိုင်ငံရေးလုပ်သင့် မလုပ်သင့် ဆိုင်မဆိုင်ဆိုတာ အထက်မှာပြောပြီးသလို၊ ဗမာ့တပ်မတော်ဆိုတာတောင် ကျောင်းသားတွေနိုင်ငံရေး လုပ်ရာက ဖြစ်လာတာပါ။ သမိုင်းမှာတော့ ကျောင်းသားနိုင်ငံရေးလုပ်လို့ ဗမာပြည်ကောင်းခဲ့တာပဲ ရှိတာပါ။ တိုင်းပြည်နိုင်ငံရေးတည်ငြိမ်မှ ကျောင်းသားလဲ ပညာကောင်းကောင်းသင်ရမှာပါ၊ နိုင်ငံရေးမကောင်းရင် တိုင်းပြည်ရဲ့ကဏ္ဍစုံ ပျက်ဆီးမှာပါ၊ မှန်ကန်တဲ့ ဥပဒေမရှိတာကို မတရားတာလို့ သတ်မှတ်ရင် ကျောင်းသားမူအရ ဆန့်ကျင်ရမှာပါ။ ကျောင်းသားဆိုတာ အကြောက်တရားမရှိဘူး၊ မှန်ကန်ရဲရင့်တယ်ဆိုတဲ့ ဂုဏ်သိက္ခာပဲ ရှိပါတယ်၊ အဲဒီအတွက် ကျောင်းသားတိုင်း နိုင်ငံရေးလုပ်ကြရမှာပါ။

ခုဆိုရင် စစ်အာဏာရှင်တွေက ချမ်းသာချင်တိုင်း ချမ်းသာနေကြပြီး ပြည်သူတွေက တနေ့စာနပ်မှန်အောင်တောင်အနိုင်နိုင်ဖြစ်နေတဲ့ မတရားမမျှတတဲ့ နိုင့်ထက်စီးနင်းခေတ်ကြီး ဖြစ်နေတာ၊ နေရာတိုင်း လာဘ်ပေးလာဘ်ယူခေတ်ဖြစ်နေပြီး ယုတ်စွအဆုံးသေရေးတောင်မလွယ်တဲ့ ခေတ်ကြီး ဖြစ်နေတာကို ကျောင်းသားတွေမှ ဦးဆောင်ပြောင်းလဲ နိုင်စွမ်းမရှိဘူး ဆိုရင်တော့… …..။

ကျောင်းသားထု၏ သမိုင်း,သွေး,သတ္တိ အားအသိမှတ်ပြုလေးစားမျှော်လင့်လျက်..

ဒီဆောင်းပါးကို အီးမေးလ်ကနေပြီးတဆင့် ရပါသဖြင့် အားလုံး ဖတ်သင့်တယ်ထင်လို့ မျှဝေပေးလိုက်တာပါ။ ဆောင်းပါးရေးသူရဲ့ အမည်ကို မသိပါသဖြင့် မဖေါ်ပြပေးတဲ့အတွက် တောင်းပန်ပါတယ်။ ဒီဆောင်းပါးကို ရေးပေးတဲ့သဖြင့် ကျေးဇူးတင်ပါတယ်.....