အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

August 9, 2012

ရှစ်လေးလုံး ၂၄ နှစ်ပြည့် အထိမ်းအမှတ်ပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ပြုလုပ်

ရှစ်လေးလုံး ၂၄ နှစ်ပြည့် အထိမ်း အမှတ်ပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်လျက် ရှိနေကြောင်း သိရှိရပါသည်။ မန္တလေးမြို့တွင် ပြုလုပ်ခဲ့သော အထိမ်းအမှတ်ပွဲကို ၈၈မျိုးဆက် aကျာင်းသားများ အဖွဲ့မှ ဦးဆောင် ကျင်းပနေခြင်း ဖြစ်ကာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်း တိုက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုအခမ်းအနားသို့ လူဦးရေ တစ်ထောက်ကျော် တက်ရောက်ခဲ့ကာ အခမ်းအနား၌ ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူခြင်းကို ဦးစွာ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် တက်ရောက် လာသူများနှင့် ၈၈မျိုးဆက် ကျောင်းသားများက ရှေ့ဆက်သွားမည့် နိုင်ငံရေး အခင်းအကျင်း များနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရပါသည်။ " သင်္ဃန်းကပ်လို့ ပြီးသွားတဲ့အချိန်မှာ အခမ်းအနားကို တက်ရောက်လာတဲ့ အနယ်နယ် အရပ်ရပ်က လူတွေနဲ့ ၈၈မျိုးဆက် ကျောင်းသားတွေ ဆွေးနွေးမှု လုပ်ခဲ့ပါတယ်။ အဓိက အကြောင်းအရာကတော့ ရှေ့ဆက်သွားမယ့် နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်လို့ ပြောခဲ့ကြတာပါ။ ဆွေးနွေးတဲ့ အထဲမှာ ရှမ်း၊ ကယားနဲ့ ကချင်က ရောက်လာတဲ့ တိုင်းရင်းသား တွေလည်း ပါပါတယ်။ တက်ရောက် လာသူတွေက မေးခွန်းတွေ မေးကြတယ်။ ကိုမင်းကိုနိုင်တို့ ကိုပြုံးချိုတို့က ပြန်ဖြေပေးနေပါတယ်။ အခြေအနေ ကတော့ အားလုံး အေးအေး ဆေးဆေးပါပဲ။ အတားအဆီး၊ အနှောင့် အယှက်တွေ လည်း မရှိပါဘူး။ အခမ်းအနားကို တက်ရောက်လာသူ အရေအတွက်က တစ်ထောင်ကျော် ရှိပါတယ်"ဟု မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်း တိုက်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပသော ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားနှင့် ပတ်သက်ပြီး ထိုအခမ်းအနားသို့ တက်ရောက် သတင်းရယူနေသည့် Eleven Media Group သတင်းထောက်က ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ပြောပြပါခဲ့သည်။ ရန်ကုန်မြို့တွင် ကျင်းပနေသော ရှစ်လေးလုံး ၂၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး ငြိမ်းချမ်းရေး လိုလားသူများက ဦးဆောင်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အခမ်းအနားသို့လည်း လူတစ်ထောင်ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရပါသည်။ ထိုအခမ်းအနားကိုလည်း ၀ါဆို သင်္ကန်းကပ်လှူပူဇော်ပွဲနှင့် တွဲဖက်ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ အခမ်းအနားတွင် ၀ါဆိုသင်္ကန်းကပ်လှူခြင်းနှင့် သံဃာတော်များမှ သီလပေးတရားချီးမြင့်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ သြဂုတ်လ၈ရက်နေ့ ၁၉၈၈ မှ စတင်၍ ဒီမိုကရေစီရရှိရေးကြိုးပမ်းမှု အဆက်ဆက်တို့တွင် ကျဆုံးသွားသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အပေါင်းတို့အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်မှု ကိုပြုလုပ်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ဦးတင်ဦး (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊နာယက) နှုတ်ခွန်းဆက်စကား ပြောကြားပေးခဲ့ကြောင်း သိရသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက"အဲဒီတုန်းက တစ်နိုင်ငံလုံးမှာရှိတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူအားလုံးဟာ သူတို့ရဲ့ဘ၀တွေ အပျက်ခံပြီး အာဏာရှင် စနစ်ဆိုးကြီး ကျရှုံးအောင်ကြိုးစားခဲ့ကြတယ်။ ဒုက္ခ အမျိုးမျိုး ခံခဲ့ကြရတယ်။ ဒါဟာ အင်မတန်ကြီးကျယ်တဲ့ သမိုင်းတစ်ခုပါ။ ဒီနေ့ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေတွေ နိုင်ငံရေးအကျိုးဆက်တွေဟာ အဲဒီတုန်းက ဖြစ်ပျက်ခဲ့တဲ့ အရှိန်အ၀ါတွေ သက်ရောက်နေပါတယ်။ လက်ရှိ ကျန်နေသူတွေ အားလုံးဟာလည်း စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေး ငြိမ်းချမ်းရေး စတာတွေကို ဆက်လက်လုံးပမ်းရမယ် အောင်မြင်အောင် ဆောင်ရွက်ဖို့ ရှိနေသေးတယ်။ နောက်ဆုံးပြောချင်တာက ပျော့ညံ့လွန်းရင် အနှိပ်ဆက် ခံရတက်တယ်။ တင်းမာလွန်းရင် ရန်များတက်တယ်။ ဒါကြောင့် အဲဒီအစွန်းနှစ်ခုက လွတ်အောင်လုပ်ဆောင်ကြပါ" ဟု ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဟံသာဝတီဦးဝင်းတင်က အမှာစကား ပြောကြားရာတွင် "ပြည်သူတွေကြားထဲမှာ အခွင့်အရေး ဆုံးရှုံးမှုတွေ အခုချိန်ထိ ရှိနေသေးတယ်။ ဒီနေ့အထိ လွတ်လပ်ခွင့်ဆိုတာ အပြည့်အ၀ မရရှိသေးပါဘူး။ အာဏာရှင်စနစ် ဆိုးရဲ့ ညှော်နံ့တွေဟာ လက်ရှိအချိန်ထိ ကျန်နေသေးတယ်။ တစ်ပြည်လုံး မှာကြည့်ပါ မြင်တွေ့ရမှာပါ။ နေရာတိုင်းမှာ ခေါင်းငုံ့မခံပါနဲ့၊ ဒူးမထောက်ပါနဲ့၊ မျက်နှာချိုမသွေးပါနဲ့။ ပြီးတော့ ညီညွတ်ရေးကိုရအောင် တည်ဆောက်ပြီး ကျန်နေသေးတဲ့ စနစ်ဆိုးကို ပျောက်အောင် အားလုံးပူးပေါင်း လုပ်ဆောင်ရမှာပါ"ဟု ပြောကြားခဲ့ပါသည်။ အဆိုပါ ၂၄ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး လိုလားသူများမှ အချက် ၇ချက်ပါသော သဘောထား ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကြေညာချက်တွင် " ရှစ်လေးလုံးနေ့သည် မြန်မာ့သမိုင်းတွင် လွန်စွာအရေးပါသည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရေး အလှည့်အပြောင်းကို အဓိက အုတ်မြစ်ချပေးခဲ့သည့် ရှစ်လေးလုံးနေ့ကို သမိုင်းဝင် အထိမ်းအမှတ်နေ့ တစ်နေ့အဖြစ် တရားဝင် သတ်မှတ်ပေးရန် လိုအပ်သည်ဟု ကျွန်ုပ်တို့ ယုံကြည် ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များကို ဆောင်ရွက်ရာတွင် နိုင်ငံသားအားလုံး ပိုမိုပူးပေါင်း ဆောင်ရွက်ခွင့်ရရန်နှင့် ပိုမိုပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါကြောင်း၊ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးအတွင်း အသက်ပေး တိုက်ပွဲဝင်ခဲ့ကြသည့် ကျဆုံးခဲ့သည့် အာဇာနည် သူရဲကောင်းအားလုံးကို ကျွန်ုပ်တို့မှ လေးလေးနက်နက် ဦးညွှတ်ဂုဏ်ပြုအပ်ပါ ကြောင်း" စသည့်ဖြင့်ပါရှိခဲ့ပါသည်။ ဆက်လက်၍ နယ်ပယ် အသီးသီးရှိ အဖွဲ့အစည်းများမှ ပေးပို့လာသည့် သ၀ဏ်လွှာများကို ဖတ်ကြားခြင်း၊ မှတ်တမ်းတင်ခြင်း များကိုပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ခြင်းကို ပြည်ထောင်စု အစိုးရအဖွဲ့မှ ခွင့်ပြုလိုက်ခြင်းအား ပေါ်လွင်စေသည့် အနေဖြင့် ပြည်ထောင်စုဝန်ကြီး နှစ်ဦးဖြစ်သော စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့သည် သြဂုတ်လ ၇ ရက် ညနေပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက်သို့ သွားရောက်ကာ ၈၈မျိုးဆက် ကျောင်းသားများနှင့် ရင်းနှီးစွာ တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ ထိုသို့ တွေ့ဆုံရာ၌ သြဂုတ်လ ၈ ရက်တွင် ပြုလုပ်မည့် ရှစ်လေးလုံး အခမ်းအနားအတွက် ၎င်းတို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ လာရောက်ရန် နိုင်ငံတော်သမ္မတကြီးထံ ခွင့်တောင်းပြီးနောက် သမ္မတ၏ ခွင့်ပြုချက်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မနက်ဖြန် ပြုလုပ်မည့် ရှစ်လေးလုံးနေ့အခမ်းအနားကို ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့က ခွင့်ပြုလိုက်ခြင်းအား ပေါ်လွင်စေလိုသောကြောင့် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း တို့ကို ၀န်ကြီးဦးစိုးသိန်းက ပြောကြားသွားပြီး ဆရာတော်ကြီးများအတွက် န၀ကမ္မ အလှူငွေ ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့သို့ အလှူငွေကျပ် ဆယ်သိန်းကို ၀န်ကြီး နှစ်ဦးမှ ပေးအပ်သွားခဲ့ကြသည်ဟု သိရသည်။ အဆိုပါ လက်ခံရရှိငွေ ဆယ်သိန်းကို ၈၈မျိုးဆက်ကျောင်းသားများမှ ရှစ်လေးလုံး နှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီသို့ ဆက်လက်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရပါသည်။

0 ဝေဖန်ပေးပြီးပြီ: