အကောင်းဆုံးဖြစ်အောင် ကြိုးစားလျှက်ပါ
ပေါက်ကရ ဘလော့ဂ်တွင် Post များ ပြန်တင်နေပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။

August 9, 2012

တောင်သမန် မြလျှံအဆင်း တိမ်ထန်း သပြေညိုနှင့် ငါးခိုတဲ့အင်း ဆိုသည့်စကား မှန်သေးပါရဲ့လား

နိုင်ငံခြားသား ဧည့်သည်များ လာရောက် လည်ပတ်မှု အများဆုံး နေရာများတွင် ပါဝင်သော မန္တလေးမြို့တော်ရှိ နာမည်ကျော် ဦးပိန်တံတား တည်ရှိရာ တောင်သမန်အင်းရေ၏ အရည်အသွေးမှာ တစ်ရက်တခြား ပိုမိုဆိုးရွားလာပြီး အင်းအတွင်း စီးဝင်နေသည့် တူးမြောင်းများအတွင်းသို့ စက်ရုံများ၏ စွန့်ပစ် ရေဆိုးများကြောင့် တောင်သမန်အင်း အရှေ့ဘက်ရှိ နတ်ရေကန်ရွာ နယ်နိမိတ် အတွင်းမှ တောင်အင်း၊ မြောက်အင်းမှာ ပျက်စီးသွားပြီဖြစ်ကြောင်း အမရပူရမြို့နယ် လွှတ်တော်အမတ် ဦးသိန်းထွန်းဦးနှင့် ဒေသခံများကပြောကြားသည်။

အင်းအတွင်းသို့ စီးဝင်နေသည့် တူးမြောင်းများ အတွင်းသို့ စက်ရုံများမှ အညစ်အကြေးများ စွန့်ပစ်ကြောင်း၊ ယခု အင်းအတွင်းတွင် ရေထုညစ်ညမ်းမှု လွန်စွာများပြားနေခြင်းမှာ စက်မှုဇုန် ထုတ် ရေဆိုးများကြောင့်ဖြစ်ကြောင်း အမရပူရမြို့နယ် လွှတ်တော်အမတ် ဦးသိန်းထွန်းဦးက The Voice Weekly သို့ ပြောကြားသည်။

ရှေးယခင်က တောင်သမန်ရေ အဆင်းမှာ မြသားအလား ကြည်လင် သန့်စင်လျက်။ သဘာဝအလျောက် ပေါများလှသော ငါးအမျိုးအစားလည်း စုံလင်လှပြီး သန့်စင်သောရေနှင့် အင်း ဘေးပတ်ဝန်းကျင်ရှိ လယ်မြေများမှ အဆီအနှစ်များကို စားသုံးနေရသောကြောင့် အင်းထဲမှ ငါးအပေါင်းတို့သည် အရောင်အသွေး အနံ့အရသာနှင့် ပြည့်စုံလျက် နာမည်ကြီးလှသည်။ ထို့အတူပင် ဧရာဝတီမြစ်ရေနှင့် တစ်နှစ်တစ်ခါ ပါလာသော ငါးများကြောင့် တောင်သမန် အင်းအတွင်းတွင် ငါးမျိုးစိတ် အလွန် များပြားလှသည်။

ယခင်က အင်းအတွင်းတွင် အဓိကတွေ့ရသည့် ငါးမျိုးစိတ်များမှာ ငါးမြင်း၊ ငါးကြင်း၊ ငါးရံ့၊ ငါးဘတ်၊ ငါးလူး၊ ငါးလဲ၊ ငနက်ပြာ၊ ငဒယ်ပြား၊ ငါးသန်၊ ငါးသလဲထိုး၊ ငါးလပေ၊ ငါးပြေမ၊ ငါးနက်သန်၊ ငါးခုံးမ၊ ငါးမြွေနီ စသည့် ငါးမျိုးများသာမက ပုစွန်လုံးများလည်း များပြားစွာ တွေ့ရှိ ရလေသည်။ တောင်သမန် လယ်ပုစွန်လုံးမှာ အခွံပါ ဝါးစား၍ ရသည်ထိ နုလှ၊ ချိုလှသောကြောင့် အလည်အပတ် လာသူများအကြား လွန်စွာ ရေပန်းစားလှသည်။

သို့သော် ယခုတွင်မူ အားလုံး ပြောင်းလဲသွားချေပြီ။ အမျိုးအစားစုံ လင်လှသော ငါးမျိုးစိတ်များ မရှိတော့။ မွေးမြူထားသော ဂျပန်ငါးခေါ် ဆလား ဘီးယားငါးမျိုးစိတ်နှင့် ငါးဝက်များသာ အများဆုံးတွေ့ရပြီး ကျန်ငါးမျိုးစိတ် များကိုမူ မတွေ့ရတော့ သလောက် နည်းပါးသွားပြီဟု တောင်သမန်ကျေး ရွာမှ အသက် ၇၀ အရွယ် လယ်သမား ကြီး ဦးဌေးမြိုင်ကရှင်းပြသည်။

''အင်းထဲကငါး အလကားပေး တောင် အင်းနားကလူတွေက မစားတော့ ဘူး။ နွံနံ့တွေ ဒီလောက်နံပြီး ငါးအသားက သန့်မှမသန့်တာ'' ဟု အင်းဘေးဘူး ဘုရားအနားရှိ ပြသာဒ်ကြီးရွာမှ ရွာခံတစ်ဦးကဆိုသည်။ အင်းရေများ မသန့်ရှင်းခြင်းကြောင့် အင်းငါး၏အနံ့၊ အရသာ ပြောင်းလဲသွားခဲ့သည်မှာ နှစ် ပေါင်း ၁၅ နှစ်ခန့် ရှိပြီဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

အင်းရေညစ်ညမ်းရသည့် အဓိက အကြောင်းရင်းမှာ ရေကို နှစ်ပေါင်းများစွာ သိုလှောင်ထားသောကြောင့် ရေသေအဖြစ် တည်ရှိနေခြင်းနှင့် စက်မှုဇုန်မှ အညစ်အကြေးများ အင်းထဲသို့ စီးဝင်နေခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောကြားသည်။ တံခွန်တိုင် နွားဘေးမဲ့ အရှေ့ဘက် တစ်ဖာလုံခန့်အကွာ ရတနာပုံတက္ကသိုလ်သို့ သွားသည့် ကန်ပတ်လမ်းတွင် တံတားတစ်ခုရှိပြီး ယင်းတံတား၏အောက်ခြေတွင် စက်မှုဇုန်ဘက်မှလာသည့် တူးမြောင်းရှိကာ အဆိုပါတူးမြောင်းမှ ညစ်ညမ်းသော ရေပုပ်များ ၁၂ ရာသီ စီးဝင်နေသည်ဟု တောင်သမန်အင်း တောင်သမန်ရွာရှိ ဒေသခံများက တညီတညွတ်တည်း ပြောဆိုသည်။

၁၉၉၅ ခုနှစ်ဝန်းကျင်တွင် ရေထိန်း တံခါးများ စတင်ပြုလုပ်ခဲ့ကြောင်း၊ ယင်းရေထိန်းတံခါးများမှ ရေများအဆက် မပြတ်ဖြည့်တင်းနေမှုကြောင့် အင်းအတွင်း ရေအမြဲတမ်းပြည့်နေသည်။

ရေမသွင်းမီကမူ တောင်သမန် အင်းတွင် ကမာကောင်များ၊ ယောက် သွားများပေါများစွာရှိခဲ့ပြီး ဘုန်းအိုး၊ ရွှေခဲအရပ်ရှိ ကြက်၊ ဘဲမွေးမြူသူများ သည် ယင်းကမာကောင်များအား တောက်တောက်စင်းကာ ကြက်စာ၊ ဘဲ စာအဖြစ် ကျွေးမွေးခဲ့ကြောင်း၊ ယခု အခါတွင်မူ အင်းအတွင်း ငါးမွေးမြူရေးသမားများ မွေးမြူထားသော ဆလား ဘီးယား၊ ငါးဝက်စသည့်ငါးများမှ စား ပစ်သောကြောင့် ယင်းသတ္တဝါများကိုလည်း တွေ့ရှိရမှု နည်းပါးသွားကြောင်း ဘဲခြံမွေးမြူရေး လုပ်ကိုင်သည့် ဦးထွန်းဝေက ဆိုသည်။

''အရင်ကဆို အင်းဘေးမှာ ကမာ ကောင်တွေ၊ ယောက်သွားတွေဆိုတာ ပုံထပ်နေတာပဲ။ ခုတော့ မြင်ချင်ရင်တောင် ခက်ခက်ခဲခဲရှာနေရပြီ'' ဟု ၎င်း ကနှိုင်းယှဉ်ပြသည်။

ရေထုညစ်ညမ်းခြင်းနှင့် ရေအမြဲတမ်းရှိခြင်း၏ သိသာသည့် အကျိုးဆက် တစ်ခုမှာ ခြင်၊ ယင်၊ ပိုးဖလံများလွန်စွာ ပေါများလာခြင်းဖြစ်သည်ဟု အင်းပတ်ဝန်းကျင်ရှိဒေသခံများက ဆိုသည်။ အင်း မြောက်ဘက် ပြသာဒ်ကြီးကျေးရွာမှ အသက် ၅၅ နှစ်အရွယ်ရှိ ဦးဘိုဝက ၎င်းတို့ငယ်စဉ်က ခြင်ထောင်ထောင်စရာ မလိုဘဲ အိပ်နိုင်ကြောင်း၊ ယခုနှစ်ပိုင်း များတွင်မူ ခြင်လွန်စွာ ပေါများလာမှုကြောင့် ညနေခင်းအချိန်၌ပင် ခြင်ဆေးခွေများ ထွန်းနေရကြောင်း ပြောကြားသည်။

အင်းအတွင်း ရေအမြဲရှိခြင်းကြောင့် ဖြစ်ပေါ်လာသော ကျန်းမာရေး ဆိုးကျိုးများ၊ ဒေသခံလယ်သမားများ၏ နစ်နာမှုများအပြင် အင်းရေသန့်စင်မှု မည်မျှရှိ၊ မရှိ စသည်တို့ကို အတိအကျ သိရစေရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပြီး အင်းကြီးအား သဘာဝအတိုင်း ရေဝေရေလဲ ဒေသအဖြစ် အစိုးရက ထိရောက်သောပြုပြင်ထိန်းသိမ်းမှုများ ပြန်လည် ပြုလုပ်စေရန် အတတ်နိုင်ဆုံးဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အမရပူရ မဲဆန္ဒနယ်မှလွှတ်တော်အမတ် ဦးသိန်းထွန်းဦးက ပြောကြားသည်။

စက်မှုဇုန်မှ စွန့်ပစ်ရေများကို သီးခြား တူးမြောင်းဖြင့် မြစ်ငယ်သို့ ပို့ချနေသဖြင့် ညစ်ညမ်းမှုမှ ကာကွယ်ပြီးသား ဖြစ်ကြောင်း၊ တောင်သမန်အင်း ရေသိုလှောင်မှုကြောင့် ရောဂါ မဖြစ်ပွားဟု ကျန်းမာရေး မှတ်တမ်းများက ပြသနေပြီး ငှက်ဖျားဖြစ်ပွားစေသော ခြင်မတွေ့ ရှိရကြောင်း စသည်တို့ကို လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်က အမရပူရ မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဦးသိန်းထွန်းဦး၏ တောင်သမန်အင်း ရေဝေရေလဲ ဒေသအဖြစ် ထိန်းသိမ်းရေး အဆိုနှင့် ပတ်သက်၍ ဖြေကြားသည်။

ယင်းအပြင် တောင်သမန်အင်း အတွင်းသို့ နှစ်စဉ်နှစ်တိုင်း လာရောက်နေကျ ဆောင်းခိုငှက်မျိုးစိတ် အရေအတွက်မှာလည်း လွန်စွာနည်းပါးလာပြီး ယခင် ကဲ့သို့ ပေါများစွာ မတွေ့ရှိရတော့ကြောင်း ဒေသခံများကဆိုသည်။

တောင်မြို့မှ သက်တော် ၇၈ နှစ် အရွယ်ရှိ ဆရာတော်ကိုပညာ (အမရပူ ရ) က ''ဘုန်းကြီးတို့ငယ်စဉ်က ငှက်ကြီး ဝံပို၊ စင်ရော်၊ တက်ကြီး၊ ဗျိုင်းစပ်စတဲ့ ငှက်တွေ ဆောင်းတွင်းဆို အများကြီး တွေ့ရတယ်။ ခုတော့ ဗျိုင်းလောက်ပဲ ရှိတော့တယ်။ ဂေဟစနစ်က ပျက်သွား မှတော့ ဘယ်လာတော့မှာလဲ'' ဟု သူ့ အမြင်ကို မိန့်ကြားသည်။

ယခင်က ဆောင်းခိုငှက်များလာ သည်ဆိုသည်မှာ အင်းအတွင်းရေကျချိန်၌ ကျန်ရှိသောငါးများ၊ ပုစွန်လုံးများ၊ ခရုကမာကောင်များကို ကောက်ယူစား သုံးလေ့ရှိကြောင်း၊ ယခုမူ ရေအမြဲတမ်းရှိ နေသဖြင့် ရေဝေရေလဲ ဂေဟစနစ်ပျောက် ကွယ်သွားပြီး ငှက်များအတွက် အစာ ရေစာရှားပါးလာခြင်းကြောင့် ယခုကဲ့သို့ အလာနည်းသွားခြင်းဖြစ်နိုင်ကြောင်း ငယ်စဉ်ကလေးဘဝမှ ယခုအချိန်ထိ တောင်သမန်အင်းနားတွင် အစဉ်တစိုက် သီတင်းသုံးလာခဲ့ပြီး တောင်သမန်အင်း အကြောင်း ဆောင်းပါးများ အစဉ်တစိုက် ရေးသားလာခဲ့သူ ဆရာတော်က ခန့်မှန်းမိန့်ဆိုသည်။

အင်းအတွင်း ရေအနည်းအများ ရှိခြင်း၊ မရှိခြင်းနှင့် ဆောင်းခိုငှက်ဝင်ရောက်မှု ဆက်စပ်မှုရှိသည်ဟု တိုက်ရိုက်မပြောနိုင်ကြောင်း၊ အဓိကမှာ ငှက်များ စားသောက်ရန် အင်းအတွင်းရှိ ဇီဝမျိုး စိတ်များ ပြည့်စုံလုံလောက်စွာရှိမှု ဖြင့်သာ တိုင်းတာရမည် ဖြစ်ပြီး အခြားသော လိုအပ်ချက်များမှာ ငှက်များအတွက် ဘေးအန္တရာယ်ကင်းမှု၊ လူအများ အပြားစုဝေးမှုမှ လွတ်ကင်းမှုစသည့် အချက်များဖြစ်ကြောင်း မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဒုတိယ ဥက္ကဋ္ဌက ပြောကြားသည်။

''အဓိကကတော့ အင်းဆိုတာ ရေ အတက်အကျရှိရမယ်။ အဲဒါမှ ရေအကျမှာ ကျန်ခဲ့တဲ့ငါးတို့၊ ခရုတို့စတဲ့ ရေနေ သတ္တဝါတွေကို ငှက်တွေက အလွယ်တကူ စားနိုင်မယ်။ နောက်တစ်ချက်က ရေသန့် ရှင်းရမယ်။ ဒါမှ ဆောင်းခိုငှက်အဝင် များမယ်'' ဟု ၎င်းက ထပ်မံရှင်းပြသည်။

အင်းများ၊ မြစ်များအကြောင်း နှစ်ပေါင်းနှစ်ဆယ်ခန့် သုတေသနပြုလုပ် နေသည့် အမေရိကန်ပြည်ထောင်စု ယေးတက္ကသိုလ်မှ အသက် ၆၀ အရွယ်ရှိ MR. John Smith က မြစ်ချောင်းအင်းအိုင်များသည် ရေဝေ ရေလဲ ရှိရမည်ဖြစ်ပြီး အကယ်၍ သဘာဝအတိုင်း ဖြစ်ရမည့် ကိစ္စများကို တားဆီးမည်ဆိုပါက အဆိုပါဒေသရှိ ဇီဝမျိုးစိတ် မျိုးကွဲများအတွက် လွန်စွာအန္တရာယ် ကြီးမားကြောင်း မန္တလေးမြို့၊ ပညာရေးစင်တာ တစ်ခုတွင် ပြုလုပ်သည့် စာတမ်းဖတ်ပွဲ၌ ပြောကြားသည်။

The Voice Weekly မှ ကူးယူဖေါ်ပြသည်။

August 1, 2012

မောင်းမကန်ကမ်းခြေ မြေယာကိစ္စ ဒေသခံများ ထားဝယ် အများပိုင် ကုမ္ပဏီထံ တောင်းဆိုချက်ပို့

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မောင်းမကန် ကမ်းခြေ၏ မြောက်ဘက်တွင် ဟိုတယ် တည်ဆောက်ရန်  ကမ်းခြေတစ်လျှောက် မြေဧက ၄၀၀ ခန့်အား လုပ်ပိုင်ခွင့်ရသည့် ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ (DDPC) အား မောင်းမကန် ဒေသခံများက အချက်လေးချက် ပါဝင်သည့် အိတ်ဖွင့် ပေးစာကို ဇူလိုင်လ ၂၃ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ခဲ့သည်။

DDPC မှ ၎င်းတို့ လုပ်ပိုင်ခွင့်ရသည့် မြေဧရိယာရှိ သီဟိုဠ်ပင်များအား ဘူဒိုဇာများဖြင့် ရှင်းလင်းသဖြင့် ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွားပြီး နှစ်ပတ်ခန့်အကြာ ကုမ္ပဏီနှင့် မောင်းမကန်ဒေသခံများ ၃ ကြိမ်မြောက် တွေ့ဆုံပြီးချိန်တွင် ယင်းသို့အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းဖြစ်သည်။

ကြိုးပြင် ကာကွယ်တောအတွင်း ကျရောက်နေသည့် ဒေသတစ်ခုလုံးအား မြေယာပိုင်ဆိုင်မှု အခိုင်အမာ ရရှိရေးအတွက် နိုင်ငံတော် အစိုးရနှင့် ပြည်သူ့လွှတ်တော်အား တိုက်တွန်းပေးရန်၊ စီမံကိန်းအတွက် အမှန်တကယ် လိုအပ်သည့် မြေဧရိယာကိုသာ ယူရန် လုပ်ပိုင်ခွင့် ရသည့် မြေအားဒေသခံများ၏ သဘောထားမပါဘဲ လွဲပြောင်း၊ ရောင်းချခြင်း မပြုရန်နှင့် ဒေသ ဖွံ့ဖြိုးရေးအတွက် မည်သည့်လုပ်ငန်းများ ဆောင်ရွက်မည်ကို တိကျခိုင်မာ ပွင့်လင်းစွာ ထုတ်ဖော်ပြောရန် စသည့်အချက် ၄ ချက်ဖြင့် ပေးပို့ခဲ့သည်။

ကုမ္ပဏီအနေဖြင့် မည်သည့် လုပ်ငန်းများကို မည်သို့ ဆောင်ရွက်မည် မြေဧက မည်မျှခန့်လိုမည်ကို တိတိပပ မပြောနိုင်ဟု မောင်းမကန် ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင် ဦးဇော်ဝင်းက ပြောသည်။

မောင်းမကန်ကျေးရွာ၏ မြောက်ဘက် မောင်းမကန် ကမ်းခြေနှင့် ပန်းတင်အင်း ချောင်းကြား မြေနေရာတွင် ဒေသခံများ၏ သဘောထားကို မေးမြန်း စုံစမ်းခြင်းမရှိဘဲ စက်ယန္တရားများ အသုံးပြု ရှင်းလင်းသဖြင့် ဒေသခံများက မကျေမနပ်ဖြစ်နေကြသည်။

“လုံးဝ မကျေနပ်ဘူး။ ဘယ်သူ့ကိုမှ အသိမပေးဘဲ သူတို့ဟာ သူတို့လုပ်နေကြတယ် ” မောင်းမကန် ဒေသခံ ဦးထွန်းခင်က ဖွင့်ဟသည်။

ယခုလက်ရှိ အချိန်တွင် မောင်းမကန် ကျေးရွာအပါအ၀င် ကျေးရွာ ဆယ်ရွာခန့်သည် ၂၀၀၁ ခုနှစ်မှစပြီး  ကြိုးဝိုင်းပြင်ပ ကာကွယ်တောအဖြစ် သတ်မှတ်ခံထားရပြီး ၂၀၀၇ ခုနှစ်မှ စတင်ကာ တရားဝင် မြေခွန်များ ရပ်စဲသွားကြောင်း ဒေသခံများ၏ အကြုံပြုစာတွင် ဖော်ပြသည်။

ကြိုးပြင်ပ ကာကွယ်တော ဧရိယာအတွင်းရောက်နေသည့် ရွာများအား ကြိုးဝိုင်းပြင်ပ ကာကွယ်တောအဖြစ်မှ ပယ်ဖျက်ပေးရန်အတွက် တိုင်းဒေသကြီး အစိုးရထံသို့လည်း တောင်းဆိုရန် အစီအစဉ်ရှိသည်ဟု ဦးဇော်ဝင်းက ပြောသည်။

“ရွာတွေကို ကြိုးပြင် ကာကွယ်တော အဖြစ်က ပယ်ဖျက်စေချင်တယ်” ဟု ၎င်း၏ ဆန္ဒကို ထုတ်ဖော်ပြောသည်။

မောင်းမကန် ဒေသခံများမှ ပေးပို့သည့် စာကိစ္စနှင့်ပတ်သက်ပြီး မည်သို့ဆောင်ရွက်မည်ကို ဇူလိုင်လ ၂၆ ရက်နေ့ ကုမ္ပဏီ ဒါရိုက်တာအဖွဲ့အစည်းအဝေးပြီးမှ သိနိုင်မည်ဖြစ်ကြောင်း DDPC ရုံးထံမှ သိရသည်။

“သြဂုတ်လဆန်းပိုင်းမှာ လာပြီးတော့ သေသေချာချာ ရှင်းပြဖို့ရှိပါတယ်” ဟု DDPC ကုမ္ပဏီ၏ ဥက္ကဌ  ဦးခင်စိုးက တယ်လီဖုန်းမှတဆင့် ပြောကြားသည်။

စီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို  ထင်သာမြင်သာ ဖော်ပြ တိတိကျကျ ပြောပြမှသာလျှင် ဒေသခံများအနေဖြင့် တိကျသည့် ဆုံးဖြတ်ချက်ကို ချနိုင်မည်ဟု မောင်းမကန် ဒေသခံ ကိုယူသိန်းက ဆိုသည်။

“အခုက သုံးမယ့် ဧရိယာ ဘယ်လောက်ဆိုတာကိုလည်း မပြောနိုင်ဘူး” ဟု ကိုယူသိန်းက ထောက်ပြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ထားဝယ် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှလည်း သုံးသပ်အကြုံပြုချက် အိတ်ဖွင့်ပေးစာ တစ်စောင်ကို ဇူလိုင်လ ၂၃ ရက်နေ့ ၊ မောင်းမကန် ဒေသခံများနှင့် တစ်ရက်တည်း ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ပေးပို့ခဲ့သည် ။

ယင်းကဲ့သို့ မြေယာပြဿနာများဖြစ်ရခြင်းသည် မြေယာ ဥပဒေ၏ လျော့ရဲမှု၊ ဒေသခံများ၏ ဗဟုသုတ နည်းပါးမှုနှင့် ကျေးရွာအုပ်ချူပ်ရေးမှုးအပါအ၀င် ဌာနဆိုင်ရာများ၏ ပေါ့လျော့မှုကြောင့်ဟု ထားဝယ် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ဦးကျော်ကျော်သက်က သုံးသပ်သည်။

DDPC မှ လုပ်ပိုင်ခွင့်ရသည့် ဧရိယာမှာ ကမ်းခြေမြောက်ပိုင်းဖြစ်ပြီး ကမ်းခြေတောင်ပိုင်း ဧရိယာသည် ၃၇၀ ဧက ကျော်ရှိပြီး ကာကွယ်ရေး ၀န်ကြီးဌာန (ကြည်း) ပိုင် မြေဖြစ် သတ်မှတ်ထားသည်ဟု ဒေသခံများက ပြောသည်။

DDPC မှ လုပ်ပိုင်ခွင့်ရသည့် ဧရိယာတွင်းရှိ သီဟိုဠ်ပင်များကို မောင်းမကန်ကျေးရွာအုပ်စုဝင် အိမ်ခြေ ၁၂၀ ခန့်ရှိသည့် ကဗွီးနှစ်ပင်ကျေးရွာနှင့်  အိမ်ခြေ ၃၀၀ ခန့်ရှိသည့် အံတောပြင်ကျေးရွာ နှစ်ရွာမှ အခြေခံလူထုအများစုမှီခိုသည်ဟု ထားဝယ် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြသည်။

“ဒေသခံတွေရဲ့ အကျိုးကိုလိုလားပြီး သူတို့ဘ၀ စာနာနိုင်တဲ့ ဒါရိုက်တာ အဖွဲ့ဖွဲပြီး ညှိနှိုင်း ဆောင်ရွက်သင့်တယ်” ဟု ဦးကျော်ကျော်သက်က အကြံပြုသည်။

ထားဝယ်ဒေသဖွံဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ (DDPC) အား ၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် စတင် အကောင်အထည် ဖော်ပြီး အမှုဆောင် ဒါရိုက်တာ ၄၆ ဦး၊ ဒေသခံ အစုရှယ်ယာရှင် ၆၀၀ ကျော်နှင့် စတင် တည်ထောင်ခဲ့ပြီး ထားဝယ်ဒေသတွင် စီးပွားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် စီစဉ်နေသည်။

January 5, 2012

အင်းလေးကန် ရေရှည် ထိန်းသိမ်းရေး ၁၀ နှစ်စီမံကိန်း ECCDI တင်သွင်းမည်

မြန်မာနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံး ကုန်းတွင်း ရေချိုကန် ဖြစ်သော အင်းလေးကန် ရေရှည် တည်တံ့စေရေးအတွက် UN Habitat အဖွဲ့က ၁၀ နှစ် Action Plan ဖြင့် လုပ်ဆောင်နေရာ အစုအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (ECCDI) ကလည်း ဝင်ရောက် ရေးဆွဲ အဆိုပြုသွားမည်ဖြစ်ကြောင်း ECCDI ဥက္ကဋ္ဌ ဦးကျော်တင့်က The Voice Weekly သို့ ပြောကြားသည်။

ယင်း စီမံကိန်းမှာ ၂၀၁၂ မှ ၂၀၂၂ ခုနှစ်အထိ ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသော ပြည်တွင်း NGO အဖွဲ့အစည်းများက ဝင်ရောက် အဆိုပြုကာ ထိန်းသိမ်းရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရာသီဥတု ပြောင်းလဲမှုကြောင့် အင်းလေးကန် သဘာဝပတ်ဝန်းကျင် အခြေအနေများ ပျက်စီးယိုယွင်းလာခြင်းများတို့ကို လေ့လာခဲ့ရာတွင် ၎င်းတို့ အဖွဲ့အနေနှင့် အဓိကအချက် ခုနစ်ချက်ကို ဦးစားပေး လုပ်ဆောင်မည် ဖြစ်ကြောင်း၊ သစ်တောများ ပြုန်းတီးမှုနှင့် စိုက်ပျိုးနိုင်မှု ဧရိယာများ လေ့လာခြင်း၊ စိုက်ပျိုးရေးတွင် ဓာတု ဓာတ်မြေဩဇာများနှင့် ပိုးသတ်ဆေးများ အလွန်အကျွံ သုံးစွဲမှု မရှိစေဘဲ ဇီဝ ဓာတ်မြေဩဇာ သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ ကန်အတွင်း အိမ်များ တိုးလာခြင်း၊ ဟိုတယ်၊ စားသောက်ဆိုင်နှင့် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများနှင့် အညစ်အကြေးများ စည်းကမ်းမဲ့ စွန့်ပစ်ခြင်း၊ စနစ်တကျ သန့်စင်သည့် စနစ်များ မရှိခြင်း၊ အင်းလေးကန်အတွင်း ငါးများ ရှော့ခ်ရိုက် ဖမ်းဆီးခြင်းများကြောင့် ငါးမျိုးများ ပြုန်းတီးလာမှုကို ကာကွယ် ထိန်းသိမ်း နိုင်ရန် ပြန်လည် ဖြည့်ဆည်းပေးခြင်းနှင့် ရေကောင်းရေသန့် ရှားပါးလာကာ ရေအရည်အသွေး ကျဆင်းလာခြင်း တို့ကို ပြန်လည် ထိန်းသိမ်းခြင်းတို့ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

"ဒီဇင်ဘာလကနေ စပြီးတော့ သုံးလအတွင်းမှာ အပြီး ရေးရမယ် " ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP)၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့နှင့် ပူးပေါင်းပြီး အင်းလေးကန် ရေရှည် တည်တံ့ရေး နှစ်ရှည် စီမံကိန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အင်းလေးကန် ရေရှည် တည်တံ့စေရေး ဘက်စုံထိန်းသိမ်းရန် အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို UN-Habitat နှင့် ပူးပေါင်းပြီး ဩဂုတ်လ ၂၄ ရက်မှ ၂၅ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သစ်တော ဦးစီးဌာန ထံမှ သိရှိရသည်။

ရာသီဥတု ပူပြင်းမှုကြောင့် အင်းလေးကန်မှာ ၂နှစ်တာ ကာလအတွင်း ရေပြင် ဧရိယာမှာ ၁၃ စတုရန်း မိုင် လျော့နည်း သွားခဲ့သည်။ ၂၀၀၈ ခုနှစ် နွေရာသီတွင် ၄၀ စတုရန်း မိုင်ရှိခဲ့ရာမှ စံချိန်တင် ပူပြင်းခဲ့သောကြောင့် စတုရန်း မိုင်ပေါင်း ၂၇ မိုင်ခန့်သာ ကျန်ရှိတော့ကြောင်း၊ အင်းလေးကန်၏ တောင်နှင့် မြောက်အလျားသည် ယခင်က ၃၆ မိုင် ရှိခဲ့ရာမှ ယခုအခါ ၁၁ မိုင်သာရှိကြောင်း၊ အနံမှာလည်း ယခင် ရှစ်မိုင် ရှိရာမှ ယခုအခါ လေးမိုင်သာ ရှိတော့ကြောင်း သစ်တော ဦးစီးဌာန၏ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

The Voice Weekly မှ ကူးယူဖေါ်ပြသည်။

December 31, 2011

စက်ရုံစွန့်ပစ်ရေ ပတ်ဝန်းကျင်ထိခိုက်မှု ပိုမိုဖြစ်ပေါ် စေဟုဆို

မြန်မာနိုင်ငံအတွင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွန်းလာခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးကို ထိခိုက်မှုများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော စိမ်းရောင်စို Activities အဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဦးက သုံးသပ် ပြောကြားသည်။

အထင်ကရ စက်မှုလက်မှုလုပ်ငန်းများနှင့် အိမ်တွင်းစက်မှုလုပ်ငန်း၊ အသေးစား စက်ရုံထွက် စွန့်ပစ်ပစ္စည်းများ မှာ မြေထု၊ လေထု၊ ရေထုကို ညစ်ညမ်းခြင်းတို့ ဖြစ်ပေါ်ရာတွင် အဓိကသက်ရောက်ကြောင်း၊ အဓိကအနေဖြင့် ယင်းစက်ရုံများ အနီးနေထိုင်သော ဒေသခံများ၏ ကျန်းမာရေးကို ပိုမိုထိခိုက်စေကြောင်း၊ စက်ရုံများမှထွက်ရှိသော ပစ္စည်းအများစုတွင် ဓာတုဗေဒ ပစ္စည်းများပါဝင်သဖြင့် ယင်းကဲ့သို့ ထိခိုက်မှုရှိစေနိုင်ကြောင်း စွန့်ပစ်ပစ္စည်းမဟုတ်စေကာမူ အလားတူ ဒြပ်ပေါင်းများကို ထိတွေ့ ကိုင်တွယ်မှုများပြားပါက အဆုတ်ပွခြင်း၊ လေပြွန်ရောင်ကာ ချောင်းဆိုးခြင်း၊ အဆုတ်ကင်ဆာ စသည်အထိ ဖြစ်စေနိုင်ကြောင်း၊ စွန့်ပစ်ဓာတုပစ္စည်းအမှုန့်များ ပတ်ဝန်းကျင် လေထုအတွင်း ပျံ့နှံ့နေခြင်းမှာ ကလေးများအတွက် အသက်ရှုလမ်းကြောင်းကို ထိခိုက်စေပြီး အန္တရာယ်ရှိနိုင်ကြောင်း၊ အချို့သော စွန့်ပစ်ပစ္စည်းများတွင် ပြဒါး(မာကျူရီ)၊ ခဲ၊ ဖလူရင် ဒိုင်အောင်စင် စသော ကင်ဆာဖြစ်စေသည့် ဓာတ်များပါဝင်နေသဖြင့် ပတ်ဝန်းကျင်ကို ထိခိုက်စေကာ ယင်းတို့ကို ကိုင်တွယ် ထိတွေ့ရသော လုပ်သားများအနေဖြင့် စနစ်တကျကိုင်တွယ်ရန်လည်း လိုအပ်ကြောင်း၊ စက်ရုံထွက် စွန့်ပစ်ပစ္စည်းအချို့ကို ရေနုတ်မြောင်းများ အတွင်းသို့ တိုက်ရိုက်စွန့်ပစ်ပါက ရေတွင်နေထိုင်သော သတ္တဝါများ မျိုးတုံး ပျောက်ကွယ်သွားနိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

"တောင်သမန်အင်းထဲမှာဆိုရင်လည်း စက်ရုံတွေက ရေဆိုးတွေကို ခိုးထုတ်နေကြတယ်။ အဲဒီလိုထုတ်နေလို့ အင်းကတော်တော် ညစ်ပတ်နေတာ" ဟု မန္တလေးမြို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသော အသက် ၄ဝ ကျော်အရွယ် အမျိုးသားတစ်ဦးကဆိုသည်။

ရန်ကုန်တက္ကသိုလ်ကပြုလုပ်ခဲ့သော ခိုင်မာတိကျသည့်ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းတစ်စောင်တွင်လည်း စက်မှုလုပ်ငန်းများ လည်ပတ်လျက်ရှိသော လှိုင်သာယာစက်မှုဇုန်မှ စက်ရုံကြီးရှစ်ခု၏ စွန့်ပစ်ရေများတွင် လူကို အဆိပ်အတောက် ဖြစ်စေသော အာဆင်းနစ်အပြင် သတ္တုဓာတ်များပါ ပါဝင်နေကြောင်း သိရှိရ(သတင်းဖော်ပြပြီး The Voice Weekly Vol.7, No.38) သည်။

မြန်မာနိုင်ငံ၌ စက်မှုဇုန် ၁၈ ခု တည်ထောင်ထားပြီး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

The Voice Weekly မှ ကူးယူဖေါ်ပြသည်။

December 15, 2011

ဧရာဝတီတိုင်းဒေသကြီး ငါးနှစ်စီမံကိန်းဖြင့် သစ်တောသုံးမျိုး စိုက်ပျိုးမည်

ဧရာဝတီတိုင်း ဒေသကြီးအတွင်း သဘာဝ ဘေးအန္တရာယ် ကာကွယ် လျှော့ချရေးနှင့် စိမ်းလန်းရေး တို့အတွက် ဂျာမနီ နိုင်ငံမှ ထောက်ပံ့မှုဖြင့် တောသုံးမျိုးကို ငါးနှစ်အတွင်း စိုက်ပျိုးသွားရန် စီစဉ်လျက်ရှိကြောင်း သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းက The Voice Weekly သို့ ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးနှင့် ဘေးအန္တရာယ်များ လျော့နည်းလာစေရန် နိုင်ငံတကာ ထောက်ပံ့ရာတွင် ဂျာမနီနိုင်ငံမှ အထောက်အပံ့ဖြင့် ဧရာဝတီတိုင်း ဒေသကြီးတွင် အစုအဖွဲ့ပိုင် သစ်တော (Community Forest)၊ ကျေးရွာ ကာကွယ်ရေး သစ်တော (Village Forest)၊ မြစ်ကမ်းပါးများ ရေတိုက်စားမှုများကြောင့် မြေမပြိုကျစေရန် ထိန်းသိမ်းပေးသော သစ်တော (Shelter Belt) သုံးမျိုးကို စိုက်ပျိုး ထူထောင်သွားမည် ဖြစ်ကြောင်း၊ တစ်နှစ်လျှင် ဧက ၆၀၀ စိုက်ပျိုးမည် ဖြစ်ကာ ၂၀၁၇ ခုနှစ်အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ယင်း စိုက်ခင်းများ၏ ထင်း၊ သစ်၊ ဝါး စသည့် သစ်တောထွက် ပစ္စည်းများကို ဒေသခံများ သုံးစွဲနိုင်မည်ဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များအား လျှော့ချနိုင်ရန်၊ မြစ်ချောင်း ကမ်းပါးများ မကြာခဏ ပြိုကျခြင်းမှလည်း ကာကွယ်တားဆီး နိုင်ရန်တို့ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နာဂစ် မုန်တိုင်းကြောင့် ဧရာဝတီ တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် သစ်တော ဟက်တာ ၃၈,၀၀၀ (ဧက ၉၅,၀၀၀)ပျက်စီး ဆုံးရှုံးခဲ့သည်။

The Voice Weekly မှ ကူးယူဖေါ်ပြသည်။

December 1, 2011

ထားဝယ် ရေနက်ဆိပ်ကမ်း ပြောင်းရွှေ့ရွာများ ဝန်းကျင်တွင် ရှားပါးတိရစ္ဆာန်များ တွေ့ဟုဆို

မြန်မာနိုင်ငံတွင် အထူးစီမံကိန်းအဖြစ် အကောင်အထည် ဖော်လျက်ရှိသည့် ထားဝယ် ရေနက်ဆိပ်ကမ်းအတွက် ပြောင်းရွှေ့ရမည့် နဘုလယ် ဒေသနှင့် ဘဝါရွာ အနီးတစ်ဝိုက်ရှိ တောများအတွင်း မြန်မာ့ ရှားပါးတိရစ္ဆာန်များ ဖြစ်သော ကြံ့သူတော်များနှင့် လိပ်ကြေးခေါ် (အမြီးရှည်လိပ်) များ တွေ့ရှိရကြောင်း ယင်း ရေနက်ဆိပ်ကမ်း သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ သုတေသန ပြုလုပ်လျက် ရှိသည့် ထားဝယ် ဒေသခံများက ပြောကြားသည်။

"ဒီနှစ်ထဲ ဘဝါရွာမှာ ကြံ့သူတော် နှစ်ကောင်နဲ့ လိပ်ကြေး သုံးကောင် မိတယ်" ဟု ဒေသခံများက The Voice Weekly သို့ ပြောဆိုသည်။

ယခုနှစ် မိုးရာသီအတွင်း လိပ်ကြေးသုံးကောင်ကို ဖမ်းဆီး ရရှိခဲ့ကာ နှစ်ကောင် ပြန်လွှတ်ပေး ခဲ့ရပြီး တစ်ကောင်မှာ ပိုက်ကွန်ဖြင့် ငြိတွယ် သေဆုံးခဲ့ကြောင်း ဖမ်းဆီးရရှိသူ ဒေသခံများက ပြောကြားသည်။

အဆိုပါ နဘုလယ် ဒေသနှင့် ဘဝါရွာ အနီးတစ်ဝိုက်တွင် ကြံ့သူတော်များ၊ လိပ်ကြေးများအပြင် သင်းခွေချပ်၊ ဖွတ်၊ ပုတတ် စသည့် ရှားပါးတိရစ္ဆာန်များလည်း တွေ့နိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

ကမ္ဘာပေါ်တွင် ကောင်ရေ သိသိသာသာ ကျဆင်းလျက် ရှိသည့် ရှားပါး ကြံ့သူတော်များသည် မြန်မာနိုင်ငံ တောင်ဘက်စွန်းရှိ တနင်္သာရီတိုင်း ဒေသကြီးတွင် အများဆုံး တွေ့ရပြီး ယခုနှစ် မတ်လ ၁ ရက်နေ့မှ စတင်ကာ တနင်္သာရီ သဘာဝ ကြိုးဝိုင်း၌ လေးလအတွင်း လေ့လာချက်အရ ကြံ့သူတော် သုံးကောင် တွေ့ရှိခဲ့ရကြောင်း စက်တင်ဘာလ ၁၉ ရက်နေ့ထုတ် The Voice Weekly Vol.7/ No.40 တွင် ဖော်ပြထားသည်။

ကမ္ဘာ့ရှားပါး ကြံ့သူတော်မှာ မြန်မာနိုင်ငံတွင် မျိုးစိတ်ပျံ့နှံ့ တည်ရှိမှု အကောင်ရေ အတိအကျ လေ့လာမှု မှတ်တမ်း မရှိသလောက် နည်းသေးကြောင်း၊ ယင်းကြောင့် တနင်္သာရီတိုင်း ဒေသကြီးတွင် လေ့လာမှုများ ပြုလုပ်သင့်ကြောင်း၊ ကြံ့သူတော်များ ကျန်ရှိနေသော ဒေသများကို ဆက်လက် လေ့လာရန် လိုအပ်နေကြောင်း သဘာဝဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် နဘုလယ် ဒေသသည် ထားဝယ်ဒေသ၏ ယဉ်ကျေးမှု စတင် ဖြစ်ထွန်းရာ ဖြစ်ပြီး သဘာဝ စိမ့်တောများ၊ ဒီရေတောများ တည်ရှိနေသေးကြောင်း ထားဝယ် ရေနက်ဆိပ်ကမ်း သဘာဝပတ်ဝန်းကျင်အပေါ် ထိုင်းသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တစ်ဦးက ဆိုသည်။

အဆိုပါ ထားဝယ် ရေနက်ဆိပ်ကမ်းအတွက် ရေဖြူမြို့နယ်မှ ငါးရွာ၊ လောင်းလုံးမြို့နယ်မှ တစ်ရွာတို့ ပြောင်းရွှေ့ပေးရမည် ဖြစ်ပြီး အဆိုပါရွာများကို ဘဝါရွာတွင် ပြန်လည် နေရာချ ရွာသစ်တည်ဆောက်မည် ဖြစ်ကြောင်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း အထောက်အကူပြု အဖွဲ့၏ စာရင်းများအရ သိရသည်။

အဆိုပါ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အစီရင်ခံစာနှင့် လူမှုရေး ထိခိုက်မှု အစီရင်ခံစာများ ပြီးစီးပါက ပြည်သူလူထုထံ အသိပေးမည် ဖြစ်ပြီး ယင်းစီမံကိန်းသည် လူထုနှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများပါက ဆက်လက် လုပ်ဆောင်မည် မဟုတ်ကြောင်း ထားဝယ်စီမံကိန်း အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်ဆွေက The Voice Weekly သတင်းထောက်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

The Voice Weekly မှ ကူးယူဖေါ်ပြသည်။

အင်းတော်အင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အလှအပများ ဖော်ထုတ်ရန်လို

မြန်မာနိုင်ငံ၌ တတိယမြောက် အကြီးဆုံးအင်း ဖြစ်သော စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော် မြို့နယ်ရှိ အင်းတော်အင်းအား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အလှအပများအား ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်သင့်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောကြားသည်။

ယင်း အင်းတော်အင်းသည် အင်းတော်မြို့ အနောက်မြောက်ဘက် တစ်မိုင်ခန့် အကွာ၌ တည်ရှိပြီး အရှေ့ဘက်တွင် ကသာမြို့၊ အနောက်ဘက်တွင် ဗန်းမော်နှင့် ဖောင်းပြင်မြို့တို့ တည်ရှိကြောင်း၊ ယင်းနေရာများရှိ သဘာဝပတ်ဝန်းကျင် အလှအပများကို မပျက်စီးဘဲ တည်တံ့စေရန် ထိန်းသိမ်းသင့်ပြီး ဇီဝမျိုးစုံ မျိုးကွဲများ လာရောက် ကျက်စားလျက် ရှိသည့်အတွက် ပိုမိုထိန်းသိမ်းထား သင့်ကြောင်း ၎င်းတို့က ပြောဆိုကြသည်။

"ဒီအင်းတော်အင်းက Ecotourism အတွက်ကော သဘာဝပတ်ဝန်းကျင် အလှအပတွေ မပျက်စီးအောင်လို့ကော ထိန်းသိမ်းထား သင့်တယ် " ဟု စိမ်းရောင်စိုအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောဆိုသည်။

အဆိုပါ အင်းဧရိယာမှာ အလျား သုံးမိုင်၊ အနံ နှစ်မိုင် ကျယ်ဝန်းပြီး အင်း၏ မြောက်၊ အရှေ့၊ အနောက် တို့တွင် ရှေးဟောင်း စေတီများ တည်ရှိကြောင်း၊ အင်းအတွင်း စီးဝင်သည့် ချောင်း၊ မြောင်း စုစုပေါင်း ၂၀ ခန့် ရှိပြီး ရေဘဲ၊ ကြိုးကြာ၊ ရေကြက်၊ မယ်ညို၊ ရေစစ္စလီ၊ တောင်ဘုတ်၊ ဗျိုင်း စသည့် ငှက်များ၊ ငါးကြင်းရွှေဝါ၊ ငါးလမြွေ၊ ငါးအုံတုံ၊ ငါးကြောင်း၊ ငါးလူး၊ ငါးလဝါး စသည့် ငါးများ၊ ဖျံ၊ လိပ် စသည့် ဇီဝမျိုးစုံ မျိုးကွဲများ ရှင်သန်နေထိုင်လျက် ရှိသည့်အတွက် ထိန်းသိမ်းထားသင့်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောကြားသည်။

ယင်း အင်းတော်အင်းမှာ တောင်သမန်အင်း ကဲ့သို့ ပျက်စီးမှု မများပြား သေးကြောင်း၊ ထို့ကြောင့် ကျန်ရှိနေသော သဘာဝ အလှအပများကို ဆက်လက်ထိန်းသိမ်းမည် ဆိုပါက ယခုအခြေအနေသည် ထိန်းသိမ်းရန် အသင့်လျော်ဆုံး ဖြစ်ကြောင်း ဦးမောင်မောင်ဦးက သုံးသပ်ပြောကြားသည်။

အင်းတော်အင်း၏ ရေဝေရေလဲ ဧရိယာမှာ ၄၀၉၆ ဧက အထိရှိပြီး အင်းတော်အင်း၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ သားငှက်တိရစ္ဆာန်နှင့် ရေဝေရေလဲ ထိန်းသိမ်းရေးတို့ကို အလေးထား လုပ်ဆောင်ရမည့်အပြင် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း (Ecotourism) အတွက်လည်း အရေးပါသည့် ဒေသတစ်ခု ဖြစ်သည်။

The Voice Weekly မှ ကူးယူဖေါ်ပြသည်။

October 7, 2011

မြစ်ဆုံစီမံကိန်း ပြန်လည် သုံးသပ်ရန် နိုင်ငံတော် သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ပြောကြား

မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်ပြီး လူပေါင်း ၂၇ သန်းကျော် မှီခိုနေရသည့် ဧရာဝတီမြစ် မြစ်ဆုံတွင် လက်ရှိ တည်ဆောက်လျက် ရှိသော မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအား တည်ဆောက်သင့်၊ မဆောက်သင့် ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး ဒေါက်တာ ဦးမြင့်မှ The Voice Weekly နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

"ဆရာကတော့ မြစ်ဆုံ စီမံကိန်းကို ဆက်မလုပ်စေချင်ဘူး၊ သမ္မတကိုလည်း ပြောထားပြီးပြီ" ဟု ဦးမြင့်က ဆိုသည်။

ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဖြစ်သည့်အတွက် ယင်းကဲ့သို့ စီမံကိန်းကြီးအား မလုပ်သင့်ကြောင်း၊ အခြားနိုင်ငံတကာ အဖွဲ့အစည်းများ ဖိတ်ခေါ်၍ ယခုတည်ဆောက်နေသည့် စီမံကိန်းကို ပြန်လည် သုံးသပ်လေ့လာခိုင်း သင့်ကြောင်း၊ ဒေသတွင်း ရေအားလျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်၍ ဩဇာကြီးသော မဲခေါင်ဒေသ အဖွဲ့အစည်းများကို ဖိတ်ခေါ်၍ Economic and Social Impact Assessment ကို ပြန်လည် လုပ်သင့်ကြောင်း၊ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ပြဿနာ တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး ပြဿနာများပါ ပါဝင်နေကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် စဉ်းစားပေးရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"နိုင်ငံရဲ့ Growth အတွက် ဆောက်တာလို့ ပြောနေကြတယ်၊ Growth ထဲမှာ Cost တွေပါတယ်၊ အဲဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ Growth နဲ့ Cost ကိုရော ဘယ်သူမှ လေ့လာထားရသေးတာ မဟုတ်ဘဲ နိုင်ငံဖွံ့ဖြိုးရေးအတွက် လုပ်တယ်ဆိုတာ ပြောမနေသင့်ဘူး" ၎င်းက ဆက်လက် ပြောကြားသည်။

UN နှင့် မြစ်ဆုံစီမံကိန်းသည် ဘာမှ မသက်ဆိုင်ကြောင်း၊ ကိုယ့်နိုင်ငံနှင့်သာ သက်ဆိုင်ကြောင်း၊ နိုင်ငံ၏ လျှပ်စစ်စွမ်းအား ရရှိရေးသည် အမျိုးသားအကျိုးစီးပွား ဖြစ်၍ ဆက်လက် တည်ဆောက်သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁၁ ရက်နေ့တွင် နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပပြုလုပ်ခဲ့သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် အမှတ် (၁) လျှပ်စစ်စွမ်းအား ပြည်ထောင်စု ဝန်ကြီး ဦးဇော်မင်းက ပြောသည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧရာဝတီမြစ် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို အစိုးရက ဆက်လက် လုပ်ဆောင်မည်ဟု သတင်းထုတ်ပြန်မှုအပေါ် အစိုးရနှင့် ပြည်သူကြား ညှိနှိုင်းမှုဖြင့် အကောင်းဆုံး အဖြေရှာကြရန် တိုက်တွန်းထားကြောင်း The Voice Weekly Vol.7/ No. 40 တွင် ဖော်ပြပါရှိသည်။

The Voice Weekly မှ ကူးယူဖေါ်ပြသည်။